ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညို နိုင်ရေးအတွက် ဩဂုတ်လ ၈ ရက်နေ့မှစ၍ စတင်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်းပြည်ပမှ ဘုရားဖူးလာရောက်သူများဖြင့် နေ့စဉ်မပြတ် စည်ကားလျက်ရှိသည်။
ထိုသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် စတင်ဖွင့်လှစ်ပေးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့မှ စ၍ ဘုရားဖူး ပြည်သူအများအပြား နေ့စဉ်လာရောက်ဖူးမြော်ကြည်ညိုကြရာ ယနေ့ထိ ဘုရားဖူးလာသူ ပြည်သူ တစ်သန်းကျော်အနက်မှ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ ဦးကျော်ဝဏ္ဏ သည် ဦးရေ ၁ သန်းပြည့်မြောက်သည့် ကံထူးသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက် ဖူးမြော်ကြသူများ အနက် ဦးရေ ၁ သန်းပြည့်မြောက်သူအဖြစ် လာရောက်ဖူးမြော်သည့် ဦးကျော်ဝဏ္ဏနှင့် မိသားစုဝင် များအား ဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ဘုရားကြီးမုဒ်ဦးတွင် ကြိုဆို နှုတ်ဆက်ကြပြီး မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ် အတွင်းရှိ ကျောက်စာရုံ စေတီတော်များ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၊ ဂန္ဓကုဋိတိုက် များ၊ မုစလိန္ဒကန်၊ နဂါးရုံဘုရား၊ မာရဝိဇယကျောင်းတော်၊ သုဓမ္မာဇရပ်များအား လှည့်လည် ဖူးမြော်ကြည်ညိုကြသည်။
ယင်းနောက် ယာယီ ရှင်းလင်းဆောင်၌ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က မာရဝိဇယရုပ်ပွားတော်မြတ်ကြီးနှင့် သာသနိကအဆောက်အဦများ တည်ထားကိုးကွယ်မှု ဆိုင်ရာများနှင့် ဦးရေ ၁ သန်းမြောက် ဘုရားဖူးပြည်သူဖြစ်လာရသည့် အကြောင်း အရင်းကို ရှင်းလင်းပြောကြားသည်။
၎င်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုအရ ဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဦးရေ ၁ သန်းမြောက် ဘုရားဖူးပြည်သူ ဦးကျော်ဝဏ္ဏအား ဉာဏ်တော် ၉ လက်မ အမြင့်ရှိသော စကျင်ကျောက်ဖြင့် ထုဆစ် ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံတော်တူ ဆင်းတုတော်တစ်ဆူ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မှန်ပေါင်သွင်း ဓာတ်ပုံတစ်ပုံ၊ မာရဝိဇယဗုဒ္ဓ ရုပ်ပွား တော်မြတ်ကြီးနှင့် သာသနိကအဆောက်အဦများ ဆိုင်ရာ သမိုင်းကြောင်း ပါဝင်သည့် CD တစ်ချပ်နှင့် ငွေကျပ် ၁၂ သိန်းတန်ဖိုးရှိ Creamy Paper ဖြင့် ရိုက်နှိပ်ထားပြီး ပါဠိ၊ ရိုမန် အက္ခရာနှစ်မျိုးတို့ဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ပါဠိတော် ၅၃ကျမ်း (၄၀)အုပ်တစ်စုံတို့ကို အမှတ်တရ ဓမ္မလက်ဆောင်အဖြစ် ဂုဏ်ပြုပေးအပ်ပြီး အဆိုပါ ပိဋကတ် ပါဠိတော်ကျမ်းကို ဦးကျော်ဝဏ္ဏနှင့်ဇနီး ဒေါ်နွယ်နီဝင်း မိသားစုအမည်ဖြင့် ကမ္ဗည်းရေးထိုးထားကာ လှူဒါန်းလိုသော ဘုန်းတော်ကြီးကျောင်းသို့ ကိုယ်တိုင်လှူဒါန်း နိုင်ရန် တစ်ပါတည်း စီစဉ်ပေးထားကြောင်း သိရှိရသည်။
မာရဝိဇယရုပ်ပွားတော်မြတ်ကြီးသို့ လာရောက် ဖူးမြော်ကြသူများအနက် ဦးရေ ၁ သန်းပြည့်မြောက်သူ ဘုရားဖူးပြည်သူ ဦးကျော်ဝဏ္ဏနှင့် မိသားစုဝင်များ၏ ကြည်နူးပီတိ စကားသံများကိုလည်း ယခုလို ကြားသိရပါတယ်။