တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)(၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော် အောက်တိုဘာ ၂၃

Monday, October 23, 2023 - 16:45

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)(၈)နှစ်မြောက် နှစ်ပတ် လည်နေ့ အခမ်းအနား ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ပိုင်းတွင် နေပြည်တော်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ NCA နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့်  အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီတွင် ပါဝင်သည့် ပြည်ထောင်စု ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဦးစီးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကား ပြောကြားရာတွင် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအား အချိန်ကိုက်အပိုအလိုမရှိ ကျင်းပ ဆောင်ရွက်နိုင်ခဲ့ပြီး လုပ်ငန်းကော်မတီများအချင်းချင်း ဟန်ချက်ညီညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရှိရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ရှိကြောင်း ကို ပြောကြားလိုကြောင်း၊ NCA နှစ်ပတ်လည်နေ့ အခမ်းအနား၏ အားသာချက်၊ အားနည်းချက် များကို ပြန်လည်သုံးသပ်ပြီး တွေ့ရှိရသည့် အားနည်းချက်များအား နောင်ကျင်းပမည့် အခမ်းအနား များ၌ ပြုပြင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် လုပ်ငန်းကော်မတီအလိုက် အမှန်တကယ် သုံးစွဲခဲ့သည့် ဘတ်ဂျက်အသုံးစရိတ်များကို ရှင်းလင်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားပါသည်။ ဆက်လက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က အခမ်းအနား ကျင်းပပြီးစီးခဲ့မှု အခြေအနေ များအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာသည့် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များက မိမိတို့လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ခဲ့သည့် အားသားချက်၊ အားနည်းချက်များနှင့် ငွေကြေးသုံးစွဲမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက် လာသူများက လိုအပ်သည်များ အကြံပြုဆွေးနွေးကြသည်။

ယင်းနောက် ဦးစီးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။