ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ၏ ဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ နေပြည်တော် အောက်တိုဘာ ၁၆

Monday, October 16, 2023 - 16:00

          ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီ ၃၇ ပါတီ နှင့်တွေ့ဆုံသည့် အခမ်းအနားကို ယနေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သော နိုင်ငံရေးပါတီများ အနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီဝင်များကို စည်းရုံး ရန်နှင့် စစ်ဆေးခံနိုင်ရေး ဆောင်ရွက်ထားရန်ညွှန်ကြားခဲ့ကြောင်း၊ သတ်မှတ်ချက်နှင့်ကိုက်ညီမှု ရှိ / မရှိကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့က စစ်ဆေးလျက်ရှိကြောင်း၊

          ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်      စပ်လျဉ်းပြီး နေပြည်တော်ရှိ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနအဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် ရန်ကုန်မြို့တွင် နိုင်ငံရေးပါတီအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ပြည်သူများကို ရှင်းလင်းခြင်း၊ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက် ခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူလူထုကိုလည်း ရှင်းလင်းပြသခြင်း၊ စမ်းသပ်မဲပေးစေခြင်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တစ်ချိန်တည်းမှာပင် ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းစဉ်များကို တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

          ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိပုဂ္ဂိုလ်များ က ရှင်းလင်းဆွေးနွေးတင်ပြကြပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ တင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ ပါသည်။

          အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၃၇ ပါတီမှ ဥက္ကဋ္ဌများ၊ ခေါင်းဆောင် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။