အိန္ဒိယသမ္မတနိုင်ငံ၊  ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗစ်ခရမ် မစ်ဆရီ က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း  (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း

Sunday, October 15, 2023 - 12:45

အိန္ဒိယသမ္မတနိုင်ငံ၊  ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗစ်ခရမ် မစ်ဆရီ က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း

 () နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း

 

လေးစားအပ်ပါသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တကွ မြန်မာနိုင်ငံအစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များနှင့် အခမ်းအနားသို့ ကြွရောက်လာကြသော လူကြီးမင်းများ ခင်ဗျား

 

ယနေ့မှာ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အထင်ကရမှတ်တိုင်တစ်ရပ် ဖြစ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုသည့် () နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မိမိတို့ ယခုကျင်းပတဲ့  အခမ်းအနားကို တက်ရောက်လာကြတာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုစဉ်က နိုင်ငံတကာ အသိသက်သေနိုင်ငံ တစ်နိုင်ငံအဖြစ် ပါဝင်လက်မှတ်ရေးထိုးခွင့်ရခဲ့တဲ့ အိန္ဒိယနိုင်ငံအနေနဲ့ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနှင့် သွေးစည်းညီညွတ်မှုရှိဖို့အတွက် ကြိုးပမ်းလျှောက်လှမ်း ဆောင်ရွက်နေတဲ့ ခရီးလမ်းကို အထူးပင် အလေးထားမှု ရှိကြောင်း ပြောကြားလိုပါတယ်။

လွန်ခဲ့တဲ့ (၈) နှစ်တိတိက ယနေ့ အောက်တိုဘာလ ၁၅ ရက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့က ကိုယ်စားလှယ်များနဲ့ မြန်မာအစိုးရကိုယ်စားလှယ်များ တွေ့ဆုံပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီလိုလက်မှတ်ရေးထိုးခဲ့တဲ့အခါသမယဟာ NCA မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသူများအနေနဲ့ ပဋိ့ပက္ခများကို တွေ့ဆုံဆွေးနွေးမှု များနဲ့ ပူးပေါင်းဆောင်ရွက်တို့မှတစ်ဆင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်သွားမယ်ဆိုပြီး ကတိကဝတ်ပြုခဲ့တဲ့ သက်သေအထောက်အထားတစ်ရပ်ဖြစ်ကာ မျှော်လင့်ချက် ရောင်ခြည်လည်း သန်းခဲ့ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဟာ သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား အကြေအလည်ဆွေးနွေးမှုများနဲ့ ရဲဝင့်တဲ့ ဆုံးဖြတ်ချက်များကြောင့် ထွက်ပေါ်လာတဲ့ ရလဒ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အလွန်အရေးပါတဲ့စာချုပ် တစ်ရပ်လည်းဖြစ်ပါတယ်။ ဒီစာချုပ်ကို ချုပ်ဆိုနိုင်ခြင်းဟာ မတူကွဲပြားမှုများ၊ စွဲကိုင်ထားကြတဲ့လက်နက်များကို ဘေးဖယ်ကာ ပိုမိုငြိမ်းချမ်းမှုရှိတဲ့ အနာဂတ်ဆီသို့ စတင်လျှောက်လှမ်းသွားလိုတဲ့ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများ ရဲ့ ဘုံဆန္ဒကို ထုတ်ဖော်ပြသခဲ့ခြင်းလည်း ဖြစ်ပါတယ်။

NCA ဟာ စာရွက်ပေါ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်တစ်ရပ်သာ မကဘဲ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်တဲ့ နိုင်ငံသားများအားလုံး ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်နေကာ အကြမ်းဖက်မှုများနဲ့ ပဋိပက္ခများမှ ကင်းဝေးတဲ့နိုင်ငံ တစ်နိုင်ငံ အဖြစ် တည်ထောင်လိုတဲ့ မြန်မာနိုင်ငံသားအားလုံးရဲ့ မျှော်လင့်ချက် ရောင်ခြည် တစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလူမျိုးစုများရဲ့ ဆန္ဒများနဲ့ ရိုးရာယဉ်ကျေးမှုများကို လေးစားမှုပြုခဲ့ရုံသာမက အလေးထားဖော်ဆောင်ပေးကာ နိုင်ငံသား တစ်ဦးတစ် ယောက်ချင်းစီတိုင်း တိုးတက်အောင်မြင်စေနိုင်မယ့် အခွင့်အလမ်းများကို ဖန်တီးပေးဖို့အတွက် မျှော်မှန်းဖော်ဆောင်ပေးခဲ့တဲ့ စာချုပ် တစ်ရပ်လည်း ဖြစ်ပါတယ်။

NCA စာချုပ်ရဲ့ အနှစ်သာရဖြစ်တဲ့ တိုင်းရင်းသားပဋိပက္ခများနဲ့ မတူကွဲပြားမှုများ ကို ငြိမ်းချမ်းစွာ ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး ဖြေရှင်းဆောင်ရွက်တဲ့ အလေ့အထ ကောင်းကို ပိုမိုပြုစုပျိုးထောင်ခြင်းဖြင့် မြန်မာပြည်သူများရဲ့ မျှော်မှန်းချက်ဆန္ဒများကို ဖော်ဆောင်ပေးသွားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ အိန္ဒိယနိုင်ငံအနေနဲ့ ငြိမ်းချမ်းစွာ ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး ဖြေရှင်းဆောင်ရွက်တဲ့ မြန်မာနိုင်ငံရဲ့ NCA လမ်းကြောင်းကို ထောက်ခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနဲ့ ဖက်ဒရယ်စနစ် တည်ထောင်ခြင်းဆိုင်ရာ တွေ့ဆုံ ဆွေးနွေးမှုများအပါအဝင် မြန်မာနိုင်ငံရဲ့ ကြိုးပမ်းဆောင်ရွက်မှုများအတွက် လိုအပ် သည်များကို အစဉ်တစိုက် ကူညီပံ့ပိုးပေးလျက်ရှိပါတယ်။

တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးကို လျှောက်လှမ်းတဲ့ ခရီးလမ်းဟာ စိန်ခေါ်မှု အမြောက်အများနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို သတိပြုရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ခရီးလမ်းတစ်လျှောက်မှာ အခက်အခဲများကို ရင်ဆိုင်ခဲ့ရပြီးဖြစ်သလို ရှေ့ဆက် လျှောက်လှမ်းရာမှာလည်း လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေ များအရ စိန်ခေါ်မှုများကို ဆက်လက် ရင်ဆိုင်ကျော်လွှားသွားရအုံးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံရေးအသွင်ကူးပြောင်းမှုကာလတစ်ခုကို ဖြတ်သန်းလျက်ရှိရာ ယင်းကာလမှာ NCA စာချုပ်ဟာ အရေးပါတဲ့  အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်နေ ပါတယ်။ NCA ယန္တရားဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးဆိုတဲ့ မြန်မာပြည်သူများရဲ့ မျှော်လင့်ချက်ဆန္ဒကို ဖော်ဆောင်ပေးနိုင်မယ့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ကြဉ်းပေးနိုင်ရေးအတွက် အထောက်အပံ့ ဖြစ်စေမှာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံမှာ ပိုမိုအားလုံးပါဝင်မှုရှိတဲ့ လူမှုအသိုင်းအဝိုင်း တစ်ရပ် ထူထောင်နိုင်ရေး ခရီးလမ်းကြောင်းမှာ  NCA စာချုပ်ဟာ အခြေခံ အုတ်မြစ်တစ်ရပ် ဖြစ်လာမှာဖြစ်ပါတယ်။

NCA စာချုပ်ဟာ မျှော်လင့်ချက်ရဲ့ သင်္ကေတတစ်ရပ်ဖြစ်ပြီး ပဋိပက္ခ အမှောင် တိုက်အကြားမှ ငြိမ်းချမ်းမှုထံသို့ ဦးတည်လျှောက်လှမ်းနိုင်ဖို့ အလင်းပြဖော်ဆောင် ပေးနိုင်မယ့်စာချုပ်တစ်ရပ်လည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူတစ်ရပ်လုံး ငြိမ်းချမ်း တည်ငြိမ်မှုရှိပြီး သာယာဝပြောစွာ မှီတင်းနေထိုင်နိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကြီး တည်ထောင်နိုင်ရေး မျှော်မှန်းချက်ကို လျှောက်လှမ်းနိုင်ဖို့အတွက် ပဋိပက္ခများကို နိုင်ငံရေးလမ်းကြောင်းအရ ဖြေရှင်းနိုင်ရေးကို ဦးတည်ကာ NCA ယန္တရားကို ပိုမို ခိုင်မာ စေဖို့၊ စာချုပ်ပါ ကတိကဝတ်တွေကို လိုက်နာစောင့်ထိန်းဖို့၊ လေးနက်ပြီးအနှစ်သာရ ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ဖို့အတွက် NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုး ထားတဲ့ အဖွဲ့အစည်းများအားလုံးကို အိန္ဒိယနိုင်ငံမှ တိုက်တွန်း တောင်းဆိုလိုပါတယ်။

ကျေးဇူးတင်ရှိပါတယ်။ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းမှာ ငြိမ်းချမ်းညီညွတ်မှု ရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။