၁။ ချစ်ကြည်လေးစားရပါသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် - NCA လက်မှတ် ရေးထိုးပွဲ (၈) နှစ်မြောက် အခမ်းအနားသို့ တက်ရောက်လာကြတဲ့ သက်ဆိုင်ရာ တာဝန်ရှိ လူကြီးမင်းများ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များနဲ့ သံတမန်များတို့ကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
၂။ ဒီလို ဂုဏ်ရောင်ထွန်းပြောင်တဲ့ သမိုင်းဝင်နေ့မှာ အခမ်းအနားသို့ တက်ရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ကိုယ်စား ကျွန်တော့ကို မိန့်ခွန်းပြောကြားခွင့် ပြုတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
၃။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရပြီးကတည်းက နှစ်ရှည်လများ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်နိုင်ဖို့၊ နိုင်ငံတော်အစိုးရရဲ့ ကိုယ်စားလှယ်များနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တို့ဟာ ဒီ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို ရရှိဘို့ (၂) နှစ်နီးပါး အချိန်ယူ ဆွေးနွေးခဲ့ကြရပါတယ်၊
၄။ နှစ်ဖက် ညှိနှိုင်းဆွေးနွေးဘက်တွေအကြား ရဲရင့်တက်ကြွတဲ့ အားမာန်တွေနဲ့တွေ့ဆုံ ဆွေးနွေးခြင်းအားဖြင့် အဖြေရှာလိုတဲ့ အာသီသကို အခြေခံကြလို့ ဒီ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် - NCA ကို ရရှိခဲ့တာဖြစ်ပြီး သမိုင်းစာမျက်နှာသစ်တစ်ခု ပေါ်ပေါက် စေခဲ့ပါတယ်။
၅။ ဒါတွေဟာ အလျှော့အတင်း ပြုလိုတဲ့စိတ်ဓါတ်၊ အခက်အခဲတွေကို အတူတကွ ပူးပေါင်း ဖြေရှင်းလိုတဲ့ဆန္ဒ၊ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလိုတဲ့သဓိဋ္ဌာန်၊ ဆွေးနွေးဘက် တစ်ဖက်စီမှာ ပါဝင်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေအကြား ထိန်းသိမ်းထားနိုင်တဲ့ ညီညွှတ်မှုနဲ့ ယုံကြည်မှုတွေကြောင့် ဖြစ်ပါတယ်။ လက်ရှိကာလမှာလည်း ဒီလိုစိတ်ဓါတ်ဆန္ဒနဲ့ ထပ်မံပြီး ကြိုးပမ်း အားထုတ်ကြဖို့ တိုက်တွန်းလိုပါတယ်။
၆။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် - NCA လက်မှတ် ရေးထိုးခြင်း ဟာ သာမန်အပစ်ရပ်စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးတာမဟုတ်ဘဲ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံထူထောင်ရေးလျှောက်လှမ်းရမယ့် ခရီးရှည်ကြီးရဲ့ ပထမဦးဆုံးသော အရေးကြီးတဲ့ ခြေလှမ်းဖြစ်ပြီး စိန်ခေါ်မှုများစွာကလည်း စောင့်ကြိုနေခဲ့တယ်ဆိုတာကို အားလုံး ရင်ဆိုင် ကြုံတွေ့ခဲ့ကြပြီး ဖြစ်ပါတယ်။
၇။ ဒါကြောင့် ပြီးခဲ့တဲ့ကာလမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် - NCA ကို ဆက်လက်အကောင်အထည်ဖော်ခဲ့ရာမှာ အောင်မြင်သင့်သလောက် အောင်မြင်မှုမရရှိ ခဲ့သလို နိုင်ငံရေးအကြပ်အတည်းကြောင့် NCA အကောင်အထည်ဖော်မှုမှာလည်း ရပ်နား သွားခဲ့ရတယ်။ ကျွန်တော်တို့ အားလုံးဟာ မိမိတို့အသီးသီးရဲ့ ဆန္ဒသဘောထားတွေကိုသာ ရှေ့တန်း မတင်ဘဲ အပြန်အလှန် လေးစားတန်ဖိုးထားမှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ကာ ညှိနှိုင်း အဖြေရှာကြဖို့ကိုလည်း သက်ဆိုင်သူအားလုံးကို တောင်းဆိုလိုပါတယ်။
၈။ နိဂုံးချုပ်အနေနဲ့ မိမိတို့နိုင်ငံဟာ လူမျိုးပေါင်းစုံနေထိုင်တဲ့ တိုင်းပြည်ဖြစ်သည့်အလျှောက် လူမျိုးချင်းမတူသော်လည်း ငြိမ်းချမ်းစွာအတူတကွ နေထိုင်နိုင်ရေးအတွက် ရှေ့ရှုရန်လိုနေပါတယ်။ မိမိတို့ရဲ့ သက်တမ်းတလျှောက်မှာ ခါးသီးစွာတွေ့ကြုံခံစားလာခဲ့ကြရတဲ့ လက်နက်ကိုင် ပဋိပက္ခကို အမြန်ဆုံး ချုပ်ငြိမ်းစေပြီး အနာဂါတ် မျိုးဆက်သစ် ပြည်သူပြည်သား လူငယ်လူရွယ်များအတွက် "ငြိမ်းချမ်းရေး" ဆိုတဲ့ အမွေအနှစ်ကို ချန်ရစ်ထားနိုင်ဖို့၊ တရားမျှတမှုနဲ့ ဂုဏ်သိက္ခာ ရှိမှုတို့အပေါ် အခြေခံတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိမယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင် သွားကြဖို့နဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေကနေ လက်ရှိနိုင်ငံရေး အကြပ်အတည်းကို ကျော်လွှားကာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စံနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေး မဆုတ်မနစ် ကြိုးပမ်း ကြပါစို့လို့ ဒီကနေ့ အခမ်းအနားကို ဂုဏ်ပြုရင်း နိဂုံးချုပ်အပ်ပါတယ်။