နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီ တည်ထောင်ခွင့်လျှောက်ထားလာသည့်အဖွဲ့ ၁၄ ဖွဲ့ရှိပြီး၊ ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် နိုင်ငံရေးပါတီ ၁၀ ပါတီကို တည်ထောင်ခွင့်ပြုပြီး ဖြစ်ပါသည်။
အဆိုပါ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၀ ပါတီအနက် ဦးမြင့်သန်း ခေါင်းဆောင်သည့် လေဘာပါတီ (Labour Party)က ပါတီတည်ထောင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ ယနေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားလာခြင်းဖြစ်သည်။ တည်ထောင် ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ ၁၀ ပါတီသည် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားသည့်အနက် ပါတီ ၇ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ်သည်။ ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။