(၁၀၃)  နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့် (၄၆)ကြိမ်မြောက် မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပ ရန်ကုန်  အောက်တိုဘာ ၁၃

Friday, October 13, 2023 - 16:45

            (၁၀၃) ကြိမ်မြောက် မြန်မာ့ရုပ်ရှင်နေ့ နှင့် (၄၆)ကြိမ်မြောက် မြန်မာ့ရုပ်ရှင်သက်ကြီး ပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ကျင်းပသည်။

          အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နာယကကြီးများနှင့် အစည်းအရုံးဝင်များ၊ မြန်မာ့ ရုပ်ရှင်သက်ကြီး အနုပညာရှင်များနှင့် ရုပ်ရှင်အနုပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့် သည်တော်များ တက်ရောက်ကြ သည်။

          ရှေးဦးစွာ   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းတို့က (၁၀၃)နှစ် မြောက် မြန်မာ့ရုပ်ရှင်နေ့  ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့ က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝန်းအတွင်း နိဗ္ဗာန်ကုသိုလ်အဖြစ်ဖွင့်လှစ်သည့် ဈေးဆိုင် များကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

          ယင်းနောက် (၄၆)ကြိမ်မြောက် ရုပ်ရှင်အနုပညာရှင် သက်ကြီးပူဇော်ပွဲကို ကျင်းပရာ  ရုပ်ရှင်သက်ကြီးအနုပညာရှင်များအတွက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က    အလှူငွေ ကျပ်သိန်း  ၁၀၀ ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်း မိသားစုများက  ငွေကျပ်သိန်း ၂၀ ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ချုပ်နှင့် အလှူရှင်များက ငွေကျပ်သိန်း  ၁၅၀ ၊ Forever Group Co.,Ltd က ငွေကျပ်သိန်း  ၇၀ ၊ ရွှေသံလွင်မီဒီယာ(Sky Net) မိသားစုက စုစုပေါင်းတန်ဖိုးငွေ ကျပ်  ၁၆၃ သိန်းရှိ Sky Net DTH ကြည့်ရှုခွင့်  ၆ လစာနှင့် DTH စက် တစ်စုံ၊  ရုပ်ရှင်ရုံ လုပ်ငန်းမိသားစုများက ငွေကျပ်   ၁၇ သိန်းတို့ကို  ပေးအပ်လှူဒါန်းပြီး  နာယကများနှင့် အမှုဆောင်များက လက်ခံ ရယူ ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မုဒိတာစကားပြောကြား ရာတွင် အခမ်းအနားသို့ အနုပညာရှင်များအားလုံးနီးပါး စုံညီစွာ တက်ရောက်ကြသည့် အတွက် ဝမ်းသာပီတိဖြစ်ရပါကြောင်း၊  ယနေ့တွင် ပူဇော်ကန်တော့ခံ အနုပညာရှင် များသည် နိုင်ငံ့အကျိုး၊ ဒေသအကျိုးနှင့် ပြည်သူ့အကျိုးကို အနုပညာစွမ်းအားဖြင့် စွမ်းဆောင်ခဲ့သူများဖြစ်၍   ရိုသေလေးစားစွာ ဂါဝရပြုအပ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီပေးပွဲကို ဆောင်ရွက်ရန်ရှိပြီး   ယမန်နှစ်ကကဲ့သို့ နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ညှိုနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း။

    အနုပညာကို နိုင်ငံတော်နှင့် ပြည်သူက ချစ်မြတ်နိုးလျက်ရှိပြီး ပြီးခဲ့သည့်ဖြစ်ရပ် များကို သင်ခန်းစာယူ၍ လာမည့်အနာဂတ်တွင်  သစ်လွင်သောအနုပညာရပ်များ ပေါ် ထွန်းလာရေးအတွက်   အနုပညာစွမ်းအားဖြင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန်  တိုက် တွန်းလိုပါကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက မုဒိတာစကားပြောကြား သည်။   

          ထို့နောက် တက်ရောက်လာကြသော ရုပ်ရှင်သက်ကြီးပညာရှင်များအား နွေးထွေး လှိုက်လှဲစွာ မိတ်ဆက်ဂါဝရပြုပြီး   လှူဒါန်းပစ္စည်းများ ပေးအပ်ကာ စုပေါင်းဂါရဝပြု ကန်တော့ကြသည်။

          ယင်းနောက် ရုပ်ရှင်သက်ကြီးပညာရှင် ဦးအောင်လွင်က ကျေးဇူးတင်ဝမ်းမြောက် ပီတိစကား ပြန်လည်ပြောကြားသည်။

          မြန်မာနိုင်င၌ ပထမဆုံးမြန်မာဇာတ်ကားကို ၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်တွင်  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ “မေတ္တာနှင့် သူရာ” ဇာတ်ကားကို ပြသခဲ့ပြီး ထိုနေ့ကို မြန်မာ့ရုပ်ရှင်နေ့အဖြစ်သတ်မှတ်၍ ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ယခုအကြိမ်သည် (၄၆) ကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရ သည်။