လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဝန်ကြီး ဌာနနှင့် UNDP - UNHCR တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရန် MoU ပါ အချက်အလက်၊ အသုံးအနှုန်းများ ပြင်ဆင်၊ အတည်ပြုဆောင်ရွက်နိုင်ရေး၊ MoU တွင် ထည့်သွင်းဖော်ပြမည့် စကားလုံး အသုံးအနှုန်းများနှင့် ပတ်သက်၍ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှု အပေါ် ပြန်လည်ပြင်ဆင် ပြုစုနိုင်ရေး၊ MoU ချုပ်ဆိုရန် ဆောင်ရွက်နေစဉ် ကာလအတွင်း UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများအတွက် ပြည်ဝင်ဗီဇာနှင့် နေခွင့်သက်တမ်းတိုးမြှင့်နိုင် ရေးအတွက် ဆောင်ရွက်ပေးမှု အခြေအနေများ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် ဝင်ရောက်နိုင်ရေး နှင့်ပတ်သက်သည့် လုပ်ငန်းများထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် ဝန်ကြီးဌာနနှင့် UNHCR တို့အကြား ရိုးရှင်းသည့် MoU တစ်ရပ် ဖြစ်စေရေးအတွက် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သင့်သည့် အခြေအနေများ၊ မြန်မာနိုင်ငံမှ ကြိုးပမ်းဆောင်ရွက်နေ သည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို UNHCR အနေဖြင့် သိရှိနား လည်ပြီး အပြုသဘောဆောင်သည့် ပူးပေါင်းကူညီမှုများ ဆောင်ရွက်ပေးနိုင်ရေး အခြေအနေ များနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင် နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။