တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)(၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော် အောက်တိုဘာ ၉

Monday, October 9, 2023 - 17:45

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)(၈)နှစ်မြောက် နှစ်ပတ် လည်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ NCA နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊  အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီတွင် ပါဝင်သည့် ပြည်ထောင်စု ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဦးစီးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကား ပြောကြားရာတွင် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား နှင့်ပတ်သက်၍ လုပ်ငန်း ကော်မတီအလိုက် ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ၊ အဆုံးအဖြတ်ရယူရန် လိုအပ်သည့် ကိစ္စများကို ဆွေးနွေးပေးစေလိုကြောင်း၊ ဓာတ်ပုံပြပွဲတွင် မှတ်တမ်းဓာတ်ပုံများ ထပ်မံဖြည့်စွက်ပြသနိုင်ရေး၊ သုံးစွဲမည့် ရန်ပုံငွေများအား စနစ်တကျသုံးစွဲရေး၊ ရန်ပုံငွေသုံးစွဲမှုအပေါ် စာရင်းစစ်ခံနိုင်ရေး  စာရင်း ဇယားများအား စနစ်တကျ ထားရှိဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။ ဆက်လက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က အခမ်းအခမ်းအနား ကျင်းပရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေ အနေများနှင့်  စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာသည့် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များက မိမိတို့ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက လိုအပ်သည်များ အကြံပြု ဆွေးနွေးကြသည်။

ယင်းနောက် ဦးစီးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။