တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)(၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော် အောက်တိုဘာ ၂

Monday, October 2, 2023 - 16:15

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ NCA နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဦးစီးကော်မတီတွင်ပါဝင်သည့် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဦးစီးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကား ပြောကြားရာတွင် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ပတ်သက်၍ လုပ်ငန်းကော်မတီ အလိုက် မိမိတို့ တာဝန်ယူရမည့် လုပ်ငန်းများ လစ်ဟာမှု မရှိစေရေး စနစ်တကျ စိစစ်ကြပ်မတ် ဆောင်ရွက်ကြရန်၊ လုပ်ငန်းများအောင်မြင် ပြီးမြောက် အောင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားကြရန်နှင့် ကော်မတီအလိုက် ဘဏ္ဍာငွေသုံးစွဲမှု ခြိုးခြံချွေတာဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။ ထို့နောက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီးဝဏ္ဏအောင်က အခမ်းအနား ကျင်းပရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်  စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာသည့် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များက မိမိတို့လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက လိုအပ်သည်များ အကြံပြု ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ဦးစီးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဆွေးနွေးတင်ပြ ချက်များ အပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက် သည်။