မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်း အဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ မြေပြင်လက်တွေ့လေ့ကျင့်ခန်း (Field Training Exercise) ကို စက်တင်ဘာ ၂၆ ရက်နေ့မှ စက်တင်ဘာလ၂၉ ရက်နေ့အထိ ရုရှားနိုင်ငံအရှေ့ဖျားဒေသ Primorsky Krai၊ Vladivostok မြို့ရှိ အရှေ့ပိုင်းစစ်ခရိုင် Sergeevsky လေ့ကျင့်ရေးနယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
လေ့ကျင့်ခန်းသို့ ပါဝင်လေ့ကျင့်မည့် မြန်မာ့တပ်မတော်မှ အရာရှိစစ်သည်များ သည် စက်တင်ဘာလ ၂၂ ရက်နေ့ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီ ဗော့ စတော့(Vladivostok) လေဆိပ်သို့ ရောက်ရှိခဲ့ကာ စက်တင်ဘာလ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၂၅ ရက်နေ့အထိ မြန်မာ-ရုရှား တပ်မတော်မှ ကိုယ်စားလှယ်အရာရှိများ က အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ မြေပြင်လက်တွေ့ လေ့ကျင့်ခန်း (Field Training Exercise) ပြုလုပ်ဆောင်ရွက်ရန်အတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သည်။
စက်တင်ဘာ ၂၆ ရက်နေ့တွင် Sergeevsky လေ့ကျင့်ရေးနယ်မြေ စစ်ရေးပြ ကွင်း၌ ဖွင့်ပွဲအထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့ တပ်မတော်မှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် ပါဝင်လေ့ကျင့်ကြမည့် အရာရှိ၊စစ်သည်များ၊အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ ဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ရုရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ် အရာရှိကြီးများနှင့် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစီအစဉ်အရ ရုရှားနိုင်ငံအရှေ့ဖျားစစ်ဒေသ၊ ပစိဖိတ်ရေတပ်ဖွဲ့အကြီးအကဲ Admiral Viktor Nikolayevich Liina က အဖွင့်အမှာစကားပြောကြားပြီး လေ့ကျင့်ခန်း အထိမ်းအမှတ် အလံလွှင့်တင်ကာ မြေပြင်လက်တွေ့လေ့ကျင့်ခန်းတွင်ပါဝင်သည့် နိုင်ငံအလိုက် တပ်ဖွဲ့ဝင် များက စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် နိုင်ငံအလိုက်ကိုယ်စားလှယ်ခေါင်းဆောင်များ၊ လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်မည့် နိုင်ငံအလိုက်တပ်ဖွဲ့ဝင်များနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် ကူးပြီး မြေပြင်လက်တွေ့လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ၏ ယာယီအခြေ ချစခန်း (Training Camp) အား ကြည့်ရှုလေ့လာခဲ့သည်။
နေ့လယ်ပိုင်းတွင် လေ့ကျင့်ခန်းအစီအစဉ်အရ Far Eastern Federal University ရှိ စီမံချက်ရေးဆွဲရေးအဖွဲ့၏ ကွပ်ကဲမှုဌာနချုပ်နေရာတွင် လေ့ကျင့်ခန်းအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ရာ မြန်မာနိုင်ငံမှ ပူးတွဲဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ရုရှားနိုင်ငံမှ ပူးတွဲဥက္ကဋ္ဌ Vice Admiral Berezovsky Denis Valentinovich တို့က အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံအလိုက် ကိုယ်စားလှယ်များနှင့် အတူ လေ့ကျင့်ခန်းအစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး လေ့ကျင့်ခန်းအစီအစဉ်အား ကွပ်ကဲမှုအဖွဲ့များလေ့ကျင့်ခြင်းနှင့် မြေပြင်တပ်ဖွဲ့များ လက်တွေ့လေ့ကျင့်ခြင်းဟူ၍ အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်ခဲ့ရာ ကွပ်ကဲမှုဖွဲ့လေ့ကျင့်ခြင်းအနေဖြင့် စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်များတွင် ကွပ်ကဲမှုအဖွဲ့ဆိုင်ရာလေ့ကျင့်ခန်းများ အား Far Eastern Federal University ရှိ ကွပ်ကဲမှုလေ့ကျင့်ခန်းဌာနချုပ်၌ လေ့ကျင့်ဆောင်ရွက်ခဲ့ပြီး မြန်မာ-ရုရှားနှစ်နိုင်ငံ တပ်မတော်မှ ကိုယ်စားလှယ်များက ဦးဆောင်၍ မြန်မာနိုင်ငံ၌ပြုလုပ်ခဲ့သည့် စားပွဲတင် လေ့ကျင့်ခန်း (Table Top Exercise) တွင်ရေးဆွဲခဲ့သည့် စစ်ဆင်မှု စီမံချက်အား အသေးစိတ် ပြန်လည်ညှိနှိုင်းဆွေးနွေးခြင်း၊ စစ်ဆင်မှုအဆင့်ကွပ်ကဲမှု အဖွဲ့များနှင့် နည်းဗျူဟာအဆင့်ကွပ်ကဲမှုအဖွဲ့များက လေ့ကျင့်ခန်းဆိုင်ရာအစီအမံများအား ညှိနှိုင်း ဆွေးနွေး အတည်ပြုခြင်း၊ နိုင်ငံပေါင်းစုံ ပါဝင်သည့် တပ်ဖွဲ့များဖြင့် အကြမ်း ဖက်မှုတန်ပြန်တိုက်ဖျက်ရေးအတွက် ပထမအဆင့် စစ်ဆင်မှုစီမံချက်အား အပြီးသတ် ရေးဆွဲခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
လေ့ကျင့်ခန်း၏ ဒုတိယအဆင့်ဖြစ်သော မြေပြင်လက်တွေ့လေ့ကျင့်ခန်းအတွက် စက်တင်ဘာ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၂၈ ရက်နေ့အထိ ပါဝင်လေ့ကျင့်ကြမည့် အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများမှ တပ်ဖွဲ့ဝင်များက မြေပြင်လက်တွေ့ လေ့ကျင့်ခန်း အကြိုလေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြပြီးစက်တင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မြေပြင်လက်တွေ့လေ့ကျင့်ခန်း ဆောင်ရွက်ခဲ့ရာ နိုင်ငံပေါင်းစုံ ပါဝင် သည့် တပ်ဖွဲ့ဝင်များက စီမံချက်ပါအတိုင်း အကြမ်းဖက်သမားများ ထိန်းချုပ်ထား သည့် နယ်မြေတစ်ခုအတွင်း ဝင်ရောက်ချေမှုန်း တိုက်ခိုက်ခြင်း လက်တွေ့ လေ့ကျင့် ခန်းအား သက်ဆိုင်ရာလက်ရုံးတပ်ဖွဲ့များ၏ ပစ်ကူပစ်အားဖြင့် အောင်မြင်စွာ လေ့ကျင့် ဆောင်ရွက်နိုင်ခဲ့သည်။
မြေပြင်လက်တွေ့လေ့ကျင့်ခန်း (Field Training Exercise)လေ့ကျင့် ဆောင်ရွက် မှုနှင့် ပိတ်ပွဲအခမ်းအနားသို့ မြန်မာ့တပ်မတော်မှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်ခဲ့ကာ ဂုဏ်ပြုအမှာ စကားပြောကြားခဲ့ပြီး မြေပြင်လက်တွေ့လေ့ကျင့်ခန်းတွင် ပါဝင်သည့် နိုင်ငံအလိုက် တပ်ဖွဲ့ဝင်များအား ရုရှားတပ်မတော်မှ တာဝန်ရှိသူများနှင့်အတူ ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ပါသည်။ ညပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ပစိဖိတ်ရေတပ်ဖွဲ့ အကြီးအကဲ Admiral Viktor Nikolayevich Liina က ဂုဏ်ပြုညစာစားပွဲဖြင့် တည့်ခင်းဧည့်ခံခဲ့ ကြသည်။
လေ့ကျင့်ခန်းကာလတွင် မြေပြင်လက်တွေ့လေ့ကျင့်ခန်း (Field Training Exercise) သို့ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များသည် လေ့လာရေး ခရီးစဉ်အဖြစ် သမိုင်းဝင်အထင်ကရနေရာများဖြစ်သော Anna Shchetinina အမျိုးသမီး သူရဲကောင်း ရုပ်တု၊ Glavnaya Ploshchad ရင်ပြင်၊ Pacific Navy Fleet ပြတိုက်၊ ရေငုပ်သင်္ဘောပြတိုက်၊ အဏ္ဏဝါပြတိုက်နှင့် ရုရှားသမိုင်းပြတိုက်များသို့ သွားရောက် လေ့လာခဲ့ကြသည်။
အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်း အဖွဲ့၏ အလှည့်ကျပူးတွဲဥက္ကဋ္ဌများဖြစ်သော မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ဦးဆောင်မှုဖြင့် အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အကြား အပြန်အလှန်နားလည်ယုံကြည်မှုနှင့် ချစ်ခင်ရင်းနှီးမှုများကို အခြေခံကာ ဒေသတွင်း အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်လုပ်ရပ်များကို တိုက်ဖျက်ရာတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ဩဂုတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ မြန်မာနိုင်ငံ၊ နေပြည်တော်တွင် စားပွဲတင်လေ့ကျင့်ခန်း (Table Top Exercise) ကျင်းပပြုလုပ်ခဲ့ပြီး ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့တွင်လည်း စက်တင်ဘာ ၂၆ ရက်နေ့မှ ၂၉ ရက် နေ့အထိ မြေပြင်လက်တွေ့လေ့ကျင့်ခန်း (Field Training Exercise) အား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။