ကလေးမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၃၀

Saturday, September 30, 2023 - 16:30

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ယနေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အင်ဒိုင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၂၁၅ ဦး တို့ကို သွေးတိုးရောဂါ၊ အထွေထွေအားနည်းရောဂါ၊ နား/နှာခေါင်း/ လည်ချောင်း ရောဂါ၊ မျက်စိရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ  ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

ထို့အတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့များက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဟေမာအရှေ့ရပ်ကွက်၊ မဟာဝေယန်ဘုံ ကျော် မိုးကောင်းကျောင်းတိုက်ရှိ သံဃာတော် ၁၆၅ ပါးတို့ကို သွေးတိုးရောဂါ၊ အဆစ် အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ် ကုသမှုဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေး ပြီး ECG ၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်း၊ သွေးဖောက်၍ ဆီးချို/ သွေးချို စစ်ဆေးခြင်း၊ သွေးအုပ်စုများ စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာ ပေးဟော ပြောခြင်းတို့ကို ဆောင်ရွက်ပေးကာ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော သံဃာတော်များကို နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

          ထို့ပြင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် လိုအပ်သော သံဃာတော် ၁၂၆ ပါးတို့ကို နယ်မြေခံဆေးကုသရေးအဖွဲ့က စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက် နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ဖူးမြော်ကြည်ညို အားပေးစကားလျှောက်ထားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။