တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)(၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော် စက်တင်ဘာ ၂၅

Monday, September 25, 2023 - 17:00

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)(၈)နှစ်မြောက်နှစ်ပတ်လည် နေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ NCA နှစ်ပတ်လည် အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲ ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ၊ အမျိုးသားစည်းလုံး ညီညွတ် ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီတွင် ပါဝင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ကြသည်။

အစည်းအဝေးတွင် ဦးစီးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့်ပတ်သက်၍ မူဝါဒဆိုင်ရာ များနှင့် အခမ်းအနားကို လက်တွေ့ကျကျ အဓိပ္ပာယ်ရှိရှိ အလေးအနက်ထား စီစဉ်ကျင်းပသွားမည့် ကိစ္စများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး NCA နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပ ပြုလုပ်ရေး ဦးစီးကော်မတီ အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က အခမ်းအနားကျင်းပမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး‌အေးဝင်းက အခမ်း အနားတက်ရောက်သူများ ဖိတ်ကြားရေး၊ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ အခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က အခမ်းအနား ကျင်းပရာတွင် အစီအစဉ်တကျ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများက မိမိတို့ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက လိုအပ်သည်များ အကြံပြု ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ဦးစီးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အဓိပ္ပာယ်ရှိရှိ အနှစ်သာရပြည့်ဝစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။