ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ နေပြည်တော်၊ စက်တင်ဘာလ ၂၂

Friday, September 22, 2023 - 16:15

          အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင် ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေး ပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ MV Royal Venus ရေယာဉ်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် မြန်မာလိုင်စင်ရ ကန်ထရိုက်တာများ အများနှင့်သက်ဆိုင်သော ကုမ္ပဏီ တို့မှ ပေးပို့သည့် ၉ မီတာ ကွန်ကရစ်မီးတိုင် (၇၀၀) လုံး၊ ဘိလပ်မြေ (၁၀၀၀) တန်၊ သံချောင်း (၁၅၄၃.၁၆)တန်၊ လုပ်ငန်းသုံးယာဉ် (၆)စီး၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ ဆေးဝါးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်း စုစုပေါင်း တန်ချိန် (၃၂၉၃.၃၁) တင်ဆောင်၍ စက်တင်ဘာ ၂၁ ရက် ညပိုင်းတွင်လည်းကောင်း၊ MV Charity ရေယာဉ် သည် ကာကွယ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံတို့မှ ပေးပို့သည့် ဆန် ၂၄ ပြည်အိတ် (၄၂၁၁၉) အိတ်၊ သံချောင်း (၆၃၃.၀၁) တန်၊ လုပ်ငန်းသုံးယာဉ် (၆)စီးနှင့် မီးစက် (၁) လုံး စုစုပေါင်း တန်ချိန် (၂၇၆၉.၅၁) တင်ဆောင်၍ ယနေ့နံနက်ပိုင်းတွင် လည်းကောင်း The Myanmar Terminal (TMT) ဆိပ်ခံတံတားမှ စစ်တွေမြို့သို့ ထွက်ခွာသွားကြောင်း သိရှိရသည်။

          ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ မေ ၁၆ ရက်နေ့မှစ၍ ယနေ့အထိ တပ်မတော်စစ်ရေ ယာဉ်များအပါအဝင် ရေယာဉ်(၃၆)စီးဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်များ ပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း(၅၀၃၃၂.၉၃၂)တန်နှင့် ဒီဇယ် (၂၄၉,၇၆၂)ဂါလံ၊ Octane 92 (၁၉၉,၈၈၆) ဂါလံအား ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။