စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် စက်တင်ဘာ ၁၈

Monday, September 18, 2023 - 16:30

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သည့် နယ်လှည့် အထူးဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ရွှေဘိုမြို့ မြို့တော် ခန်းမ၌ အခြေပြု၍ ရွှေဘိုမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူစုစုပေါင်း ၆၈၅ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၉၉ ဦး၊ ခွဲစိတ် ရောဂါ ၄၆ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၄ ဦး၊ ကလေးရောဂါ ၂၆ ဦး၊ အရိုးရောဂါ ၁၀၃ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၇ ဦး၊ မျက်စိရောဂါ ၂၁၁ ဦးနှင့် သွားရောဂါ ၃၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အထွေထွေ ခွဲစိတ်လူနာ ၄ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၄ ဦး တို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ် ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၃၈ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၉ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၅ ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်တို့ဖြင့် ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း  ထိုးနှံရန်လိုအပ်သူ ၂၃ ဦး အားကာကွယ်ဆေးထိုးနှံပေးခြင်းများဆောင်ရွက်ပေးသည်။ထို့ပြင် လူဝန်မှုကြီးကြပ်ရေး နှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ်ဦးစီးမှူးရုံးမှ Biometric အချက် အလက်ကောက်ယူခြင်းနှင့် UID နံပတ်ထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက် ကြောင်း သိရသည်။

ထိုသို့ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သို့ ဆေးကုသမှုခံယူနေသည့် ဒေသခံ ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် တာဝန်ရှိသူများနှင့် စေတနာရှင် ပြည်သူများက နေ့လည်စာအတွက် ထမင်းဘူးများနှင့် သောက်ရေ သန့်ဘူးများကို ပေးဝေလှူဒါန်းကြသည်။