တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်းရှိ မြို့၊ ရွာများ၊ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၁၆

Saturday, September 16, 2023 - 15:45

            မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ် နေမှသာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီးမျက်စိပသာဒဖြစ်ဖွယ်ရာ သန့်ရှင်းသာယာလှပသော မြို့၊ ရွာ  Clean city၊ Clean Village များဖြစ်လာမည် ဖြစ်ကာ ကျန်းမာရေးနှင့် ညီညွတ် မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသ တွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာ ရေးတာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

          ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့် အတူနိုင်ငံတစ်ဝန်းလုံး၌ တပ်မတော်သားများ၊ ဌာနဆိုင်အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူအားလုံးတို့က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်းတွင်လည်းမိမိတို့၏ မြို့၊ ရွာ ၊ စာသင်ကျောင်းများ  သန့်ရှင်းသာယာလှပရေးကို အားတက်သရော ဆောင်ရွက် လျက်ရှိသည့်အပြင်   ဆေးရုံ၊ ဆေးခန်းများ၌ ခြင်၊ ယင်၊ ပေါက်ဖွားမှုမရှိစေရေးနှင့် ဆေးရုံ တက်ရောက်ကုသနေသော လူနာများအား လေကောင်းလေသန့်ရရှိစေရန် ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အပြင် ဝါတွင်းကာလအတွင်း ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဘုရားဖူးမြော်နိုင် ရေးနှင့် တရားဘာဝနာများ အားထုတ်နိုင်ရေးတို့အတွက် ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌လည်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်(၈)မြို့နယ်တို့၌ လည်းကောင်း၊ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၈) မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်(၅)မြို့နယ်တို့၌ လည်း ကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ မြို့နယ်(၄)မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်(၁၃)မြို့နယ်တို့၌လည်းကောင်း၊ မွန်ပြည်နယ် အတွင်းရှိ မြို့နယ်(၁၀)မြို့နယ်တို့၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၅)မြို့နယ်တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၅) မြို့နယ်တို့၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၆)မြို့နယ်တို့၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၅) မြို့နယ်တို့၌လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်(၁၁) မြို့နယ်တို့၌လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်(၂၈) မြို့နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်(၃)မြို့နယ်တို့၌ လည်းကောင်း ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊‌ ဆေးခန်းများ၊ ဘိုးဘွားရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ တံတားများ၌ ဒေသခံပြည်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ် မြောင်းများ တူးဖော်ပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဆေးရုံ တက်ရောက် လျက်ရှိသည့် လူနာများအား အားပေးစကားပြောကြားပြီး  စားသောက် ဖွယ်ရာများပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။