မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အာရှနှင့်ပစိဖိတ်ဒေသတွင်းဆိုင်ရာအင်ဂျင်နီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့မှ အဖွဲ့ဝင်အင်ဂျင်နီယာများ လာရောက် ဖူးမြော်လေ့လာ နေပြည်တော်၊ စက်တင်ဘာ - ၁၃

Wednesday, September 13, 2023 - 16:15

              နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော် ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်တော်မူသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံး ဖြစ်တော်မူ သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မြတ် ဦးဆောင်သည့် အာရှနှင့် ပစိဖိတ်ဒေသတွင်းဆိုင်ရာအင်ဂျင်နီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့မှ အဖွဲ့ဝင်အင်ဂျင်နီယာများ က လာရောက်ဖူးမြော်လေ့လာကြသည်။

              အာရှနှင့် ပစိဖိတ်ဒေသတွင်းဆိုင်ရာအင်ဂျင်နီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှ အဖွဲ့ဝင် အင်ဂျင် နီယာများသည် မြန်မာနိုင်ငံ၌ စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကျင်းပ ခဲ့သည့် (၃၁)ကြိမ်မြောက် အာရှနှင့် ပစိဖိတ်ဒေသတွင်းဆိုင်ရာ အင်ဂျင်နီယာများ အဖွဲ့ချုပ် အထွေထွေညီလာခံနှင့် (၇)ကြိမ်မြောက် ဂုဏ်ထူးဆောင်ဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အစည်းအဝေးပြီးမြောက်ချိန်တွင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်တော် မူသော မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ထားရှိမှု ဗိသုကာ လက်ရာများကို လေ့လာရန်အတွက် အစီအစဉ်တစ်ရပ်အနေဖြင့် ထည့်သွင်း ဆောင်ရွက်ခဲ့သည်။

              ထိုသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လေ့လာရာ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးဆိုင်ရာ တာဝန်ခံ အင်ဂျင်နီယာ အဖွဲ့မှ တာဝန်ရှိသူများနှင့် ဘုရားကြီးစီမံခန့်ခွဲရေးအဖွဲ့ဝင်များက ကြိုဆိုကြသည်။ ထို့နောက် ယာယီရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက ပါဠိ/ မြန်မာ၊ ပါဠိ/ ရိုမန် အက္ခရာ နှစ်မျိုးတို့ဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ပါဠိတော် ၅၃ ကျမ်း(၄၀ အုပ်)တို့ကို နိုင်ငံတကာ ကျမ်းစာများအတိုင်း အဆင့်မီ ပုံနှိပ်၍ ပြည်တွင်းပြည်ပရှိ ဗုဒ္ဓတက္ကသိုလ်ကြီးများ၊ သာသနာပြုကျောင်းများ၊ စာသင်တိုက် များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ကျမ်းစာအုပ်များအား လှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့်လည်း ထည့်ဝင် လှူဒါန်းနိုင်သည့် အခြေအနေများနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားသည်။

              ဆက်လက်ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ် ရေးဆိုင်ရာ တာဝန်ခံအင်ဂျင်နီယာတစ်ဦးက ရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်ရေးနှင့်ပတ်သက်သည့် အင်ဂျင်နီယာပညာရပ်ပိုင်းဆိုင်ရာ ဒီဇိုင်း တွက်ချက်မှု လုပ်ငန်းအဆင့်ဆင့်နှင့် စကျင်ကျောက်တုံးတော်ကြီး တွဲဆက်ရေး လုပ်ငန်း အဆင့်ဆင့် ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ဆင်းတုတော်ကြီးအား ပင့်ဆောင် ခြင်း၊ ပင့်ထောင်ပူဇော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်း တင်ပြပြီး လေ့လာရေးအဖွဲ့များ၏ သိရှိလိုသည်များကို ပြန်လည်ဖြေကြားသည်။

              ယင်းနောက် လေ့လာရေးအဖွဲ့များက မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော် မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာ ဇရပ်များ၊ မုစလိန္ဒကန်နှင့် နဂါးရုံ ဘုရား၊ ရေပန်းရင်ပြင်၊ မာရဝိဇယ ကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၊ သဒ္ဓါဓိပတိ ခေါင်းလောင်းတော်နှင့် ကျောက်စာရုံစေတီတော်များအပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦ များနှင့် ဥယျာဉ်တော်အတွင်း လှည့်လည်ကြည့်ရှုဖူးမြော်ကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသသည်။

              အဆိုပါ လေ့လာရေးအဖွဲ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကိုရီးယားနိုင်ငံ စသည့် နိုင်ငံအသီးသီးမှ နိုင်ငံခြားသား အင်ဂျင်နီယာပညာရှင် ၂၆ ဦးနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ အဖွဲ့ဝင် ၅၄ ဦး စုစုပေါင်း အဖွဲ့ဝင် ၈၀ ဦးပါဝင်ကြောင်း သတင်းရရှိသည်။