ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီး မြန်မာ့ပင်လယ်ပြင် အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်(ရေ)မှ လုံခြုံရေးတပ်ဖွဲ့ဝင် များသည် စက်တင်ဘာ ၁၀ ရက် ည ၁၁ နာရီခန့်တွင် ဟိုင်းကြီးကျွန်း၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာ၌ ကုန်တင်ရေယာဉ်တစ်စီး ရေဝင် တိမ်းစောင်းမှုဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရသဖြင့် သွားရောက်၍ ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ထွက်ခွာလာသည့် MV ရွှေအိမ်သည် အမည်ရှိ ကုန်တင်ရေယာဉ်အား တွေ့ရှိ ခဲ့သည်။
အဆိုပါရေယာဉ်သည် ရာသီဥတုဆိုးရွားကာလှိုင်းလေပြင်းထန်ခြင်းကြောင့် ရေယာဉ်ပေါ်တွင် တင်ဆောင်လာသော ဘိလပ်မြေအိတ် တန် ၄၀၀၀ ခန့်မှာ ရွေ့လျား၍ ရေယာဉ်တိမ်းစောင်းကာ စက်ခန်းအတွင်း ရေဝင်ရောက်မှုဖြစ်ပွား ခဲ့သဖြင့် တပ်မတော်(ရေ)မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်လှေ၏ စက်ခန်း အတွင်း ရေဝင်ရောက်မှုအား ရေစုပ်ထုတ်ပေးခြင်းနှင့် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။