နေပြည်တော်၊ မေ ၉
နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူလူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက် အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများအား
ပြုလုပ်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်ရာတွင် ၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်၊ သစ်တောရုံးလမ်းရှိ မဟာစေတီဘုရား တောင်ဘက်မုခ်အနီး တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ မအေးလေး (၃၇)နှစ် (ဘ)ဦးခင်သန်းသည် အမှိုက်ကောက်နေစဉ် ဘုရား တောင်ဘက်မုဒ်အနီး လမ်းဘေးချုံအတွင်းတွေ့ရသော ကြွပ်ကြွပ်အိတ် ၁ လုံးအား ကောက်ယူဖွင့်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ မအေးလေးတွင် ဝဲမျက်ခုံး၊ဝဲရင်အုံ၊ဝဲယာခြေထောက်တို့တွင် ပွန်းပဲ့ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူနိုင်ရေး ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး အခင်းဖြစ်နေရာမှ Keypad ဖုန်း၊ PVC ကော်ပိုက်အပိုင်းအစများအား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။ အလားတူ ည ၇ နာရီ ၅ မိနစ်အချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ သစ္စာလမ်းရှိ “သန့်ဇင်” ဆေးခန်းရှေ့၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါနေရာအနီး ရှိနေသော အမျိုးသမီး ၁ ဦးနှင့် (၃)နှစ်အရွယ် ကလေးတစ်ဦးတို့တွင် ရင်ညွန့်၊ ဝဲ/ယာ လက်နှင့်ခြေထောက်တို့တွင် ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ) တို့ ရရှိခဲ့သည်။
ထို့အတူ ည ၇ နာရီ ၁၀ မိနစ်အချိန်တွင် အမှတ်(၉)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် မလိခ လမ်းထောင့်ရှိ မြို့နယ်စည်ပင်ရုံး၌လည်းကောင်း၊ ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် ဘားအံမြို့နယ်ရှိ အိန္ဒုနယ်မြေရဲစခန်းအား လည်းကောင်း၊ ည ၈ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြား၊ ၁၂၈ လမ်းနှင့်၁၂၉ လမ်းကြားရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ လည်းကောင်း၊ ည ၈ နာရီခွဲအချိန်တွင် မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင် ရပ်ကွက်၌လည်းကောင်း၊ ည ၈ နာရီ ၃၅ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ အိုးတန်းရပ်ကွက် (၆)နေ ဦးအောင်လှ (၆၃)နှစ် ဦးသိန်းတန်၏နေအိမ်နှင့် မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ မြို့မရပ်ကွက်ရှိ ရပ်ကွက်စီမံ အုပ်ချုပ်ရေးအဖွဲ့မှူး ဦးတင်လှိုင်၏ နေအိမ်ခြံဝင်းတို့၌ လည်းကောင်း၊ ည ၁၀ နာရီခွဲအချိန်တွင် နေပြည်တာ်ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်၊ ၇ လမ်းနှင့် ၈ လမ်းကြားရှိ မြို့မအခြေခံပညာမူလတန်းကျောင်းအနီး၌ လည်းကောင်း၊ ယနေ့နံနက် ၂ နာရီ ၂၅ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ နတ်မောက်လမ်းနှင့် ဒူးယားလမ်းသို့ ဆက်သွယ်ထားသော လမ်းသွယ်၌လည်းကောင်း၊ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းကျေးရွာနေ ဒေါ်မြမွန်အေး (၄၃)နှစ် (ညဘ) ဦးကျော်မြင့်၏ နေအိမ်၌လည်းကောင်း၊ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ရွှေကညင်ပင်ကျေးရွာနေ ဦးအောင်ကိုလတ် (၄၃)နှစ် (ဘ) ဦးလှမြိုင်၏ နေအိမ်၌လည်းကောင်း၊ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးနှင့် အမှတ်(၄)ရပ်ကွက်ရှိ မြင်းခြံ−ရေဝန်းကားလမ်းနှင့် သီရိဟေမာလမ်းထောင့်ရှိ “ကမ္ဘောဇ”ဘဏ်ရှေ့တို့၌လည်းကောင်း၊ နံနက် ၇ နာရီ ၂၀ မိနစ်အချိန်တွင် ကမာရွတ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အင်းစိန်လမ်းရှိ လူကူးခုံးကျော်တံတားပေါ်နှင့် နံနက် ၈ နာရီခန့်တွင် အမှတ်(၁)ရပ်ကွက်၊ ရတနာမြိုင်လမ်းထိပ်၊ ဆိုက္ကားဂိတ်မှတ်တိုင်အနီး၌လည်းကောင်း၊ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဝန်ထမ်းအိမ်ရာ၌လည်းကောင်း အကြမ်းဖက်သူများက လက်လုပ်ဗုံးများဖြင့် ပစ်ပေါက်ခဲ့ခြင်းကြောင့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးကာ မပေါက်ကွဲသေး သည့် လက်လုပ်ဗုံးများအား သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့သည်။
ထို့အပြင် မေ ၈ ရက် ည ၉ နာရီ ၁၅ မိနစ်အချိန်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ တပင်ရွှေထီးလမ်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ လည်းကောင်း၊ ယနေ့နံနက် ၆ နာရီ ၄၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ်(၂၂)ရပ်ကွက်၊ ဧရာဝဏ်လမ်းရှိ ရထားသံလမ်းကူးအနီး၌လည်းကောင်း၊ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် ကမာရွတ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ နဝရတ်လမ်းနှင့် အောင်ချမ်းသာလမ်းထောင့်ရှိ အင်ကြင်းပင်အောက်၌လည်းကောင်း၊ နံနက် ၇ နာရီအချိန်တွင် လှိုင်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ ကျောင်းအုပ်ကြီးရုံးရှေ့၌ လည်းကောင်း၊ နံနက် ၉ နာရီအချိန်တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ဈေးကုန်းရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း အကြမ်းဖက် သူများက လက်လုပ်ဗုံးများ ထောင်ထားကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေး၍ လက်လုပ်ဗုံးများအား သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့သည်။
၎င်းအပြင် ယနေ့နံနက် ၁ နာရီခန့်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မင်းကျောင်းကုန်းကျေးရွာအနီးရှိ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစပ်ရှိ အရှည် ၃၀၀ ပေ၊ အကျယ် ၂၅ ပေခန့်ရှိ ဒေသအခေါ် “ချောင်းဝ” တံတားအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ရာ တံတား၏ ကချင်ပြည်နယ်ဘက်ခြမ်းတွင် ၈ ပေပတ်လည်ခန့်ပေါက်ထွက်သွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် တံတားမှာ လတ်တလော ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိသည်။