မြန်မာ့မီးရထား၊ တိုင်းအမှတ်(၆)နယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်ဘူတာ၏ တောင်ဘက်(တော်ဝိဘူတာဘက် ခြမ်း)၌ ယနေ့နံနက် ၂ နာရီခွဲခန့်တွင် ပေါက်ကွဲသံကြားရသဖြင့် မန္တလေး-ရန်ကုန် အမှတ်(၆)အစုန် လူစီးအမြန်ရထား၏ စက်ခေါင်း မောင်းသည် ပိန်းဇလုပ်ဘူတာအား နံနက် ၃ နာရီ ၂၃ မိနစ်တွင် ဖြတ်သန်းခဲ့ပြီး ဆက်လက်၍ သတိပြုမောင်းနှင်လာရာ ပိန်းဇလုပ်ဘူတာ-တော်ဝိဘူတာအကြား၊ မိုင်တိုင်(၉၉/၈-၇)သို့ နံနက် ၃ နာရီ ၃၂ မိနစ်တွင် ရောက်ရှိစဉ် ရထားမီးရောင်အောက်၌ တံတားအမှတ်(BR-137)ပေါ်နှင့် ရထား လမ်းအနီးတစ်ဝိုက်တွင် အကြမ်းဖက်သောင်းကျန်းသူများက မိုင်းဖောက်ခွဲထားသောကြောင့် သံလမ်းများ ပြတ်တောက်ပျက်စီးနေကြောင်း တွေ့ရှိရသဖြင့် စက်ခေါင်းမောင်းမှ ရထားအား အချိန်မီ ရပ်တန့်ပြီးနောက် ပိန်းဇလုပ်ဘူတာသို့ နောက်ပြန်ဆုတ်ခွာရပ်တန့်၍ လမ်းပိုင်းအား နံနက် ၄ နာရီ ၁၀ မိနစ်မှစ၍ ခေတ္တပိတ်ထားခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်နေရာအား စစ်ဆေးရာ အကြမ်းဖက်သောင်းကျန်းသူများက မိုင်း(၂)လုံး ဖောက်ခွဲခဲ့ခြင်းကြောင့် ရထားသံလမ်းပေ(၈၀)ခန့် ပြတ်တောက်တွန့်လိမ်သွားခြင်း၊ ကွန်ကရစ် ဇလီဖား (၁၄)တုံး ပျက်စီးခြင်း၊ (၁၀)ပေအရှည်ရှိ ကွန်ကရစ်တံတားကြမ်းခင်း (၃)ပေ ပတ်လည်ခန့် ထိခိုက်ခြင်းများ ဖြစ်ပေါ်ခဲ့သဖြင့် မြန်မာ့မီးရထားမှ ပျက်စီးမှုများအား အမြန်ဆုံးပြုပြင်ဆောင်ရွက် ပြီးစီးခဲ့ရာ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သောကြောင့် ရထား ခရီးစဉ်များအား ဆက်လက်စေလွှတ်ပေး နေပြီ ဖြစ်သည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ခုနှစ်၊ ဖေဖေါ်ဝါရီလမှစ၍ ယခုအချိန် အထိ ရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းများ၊ ဘူတာနယ်မြေများအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးခြင်း (၁၂၅)ကြိမ်၊ တံတားမိုင်ခွဲခြင်း (၄၅)ကြိမ်၊ ဘူတာနှင့် ဝန်ထမ်းနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း (၁၂)ကြိမ် ဆောင်ရွက်ခဲ့ခြင်းကြောင့် ရထားလမ်းနှင့်တံတားများ ပျက်စီးခြင်း၊ ရထားစက်ခေါင်းနှင့်တွဲများ ထိခိုက်ပျက်စီးခြင်း၊ ကုန်စည်များ ပျက်စီးဆုံးရှုံးခြင်း၊ ခရီးသည်များ လမ်းခရီး၌ကြန့်ကြာ၍ အခက်အခဲမျိုးစုံကြုံတွေ့ ခဲ့ကြရသည်။ ပြည်သူလူထုအနေဖြင့် ယခုကဲ့သို့ အဖျက်အမှောက်လုပ်ငန်းများကို တစ်စိုက်မတ်မတ် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်နေသည့် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များအပေါ် လွန်စွာစက်ဆုပ်ရွံရှာလျက်ရှိကြကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန