နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်     ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ကံ့ကော်ပျိုးပင်အား  ဦးဆောင် စိုက်ပျိုးပေး စက်၅

Tuesday, September 5, 2023 - 17:00

၂၀၂၃ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ်(၁၃)အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၀၄ မိုင် ၁ ဖာလုံမှ မာရဝိဇယဘုရား အဝင်လမ်းဝဲယာ၌ကျင်းပရာ နိုင်ငံတော်စီမံကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် များနှင့် အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ယနေ့သစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး ၁၅ မျိုး၊ အပင်ပေါင်း ၂၅၂၀ ပင်ကို စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ သစ်ပင်များကို တစ်နိုင်ငံလုံး အရှိန်အဟုန်ဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး အခုနှစ်မိုးရာသီတွင် နိုင်ငံပိုင် သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင်ပေါင်း ၂၄ ဒသမ ၆၂၉ သန်း စိုက်ပျိုး တည် ထောင်လျက်ရှိပါကြောင်း။

ဥတုရာသီ တောကိုမှီ ဆိုသည့်အတိုင်း သစ်ပင်သစ်တောများသည် သက်ရှိများ နေထိုင်ရာ ကမ္ဘာမြေကြီးသာယာလှပစေရုံသာမက သက်ရှိများ ကောင်းမွန်စွာ ရှင်သန် နိုင်ရန် များစွာပံ့ပိုးကူညီပေးနေပါကြောင်း၊ ထို့ပြင်ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်း ပေးပြီး ဂေဟစနစ်များကိုလည်း တည်ငြိမ်စေပါကြောင်း၊ ရာသီဥတုမျှတကောင်းမွန် စေပြီး  မြေနှင့်ရေကို ထိန်းသိမ်းပေးခြင်းဖြင့် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် လေမုန်တိုင်း ကျရောက်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးပါကြောင်း၊ စားရေ ရိက္ခာ‌၊ ဆေးဝါးနှင့်သစ်တောထွက်ပစ္စည်းများကိုလည်း ထောက်ပံ့ပေးပါကြောင်း၊ သစ်တောများသည် လုပ်ငန်းကဏ္ဍအသီးသီးနှင့် ဆက်စပ်နေပြီး စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးမဏ္ဍိုင် (၃) ရပ်ကို ဟန်ချက်ညီညီ ထိန်းညှိ ပေးပြီး ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသည့် အဓိက ကဏ္ဍတွင် ပါဝင်ပါကြောင်း။

၂၀၂၃ ခုနှစ်၊ မေ ၁၄ ရက်၌ ရခိုင်ပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် မိုခါ မုန်တိုင်းကြောင့် စစ်တွေမြို့အပါအဝင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြို့နယ် ၁၀ မြို့နယ်ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည် သစ်ပင်စိုက်ပျိုး ထိန်းသိမ်းခြင်းကို သဘာဝဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံနိုင်ရန်အရှိန်အဟုန်ဖြင့်  ဆောင်ရွက်ပေးနေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သဘာဝ ဘေးအန္တရာယ်များ တားဆီးကာကွယ်နိုင်ရန်အတွက် သစ်တောပြုန်းတီးမှု လျော့နည်း ရေးနှင့် ကမ်းရိုးတန်းတစ်လျှောက် သဘာဝအစိမ်းရောင်တံတိုင်းများဖြစ်သည့် ဒီရေ တောနှင့် သစ်ပင်သစ်တောများကို အရှိန်အဟုန်မြှင့် စိုက်ပျိုးထိန်းသိမ်းရေး အထူး အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။

ထို့ပြင် မိုးလေဝသခန့်မှန်းချက်များအရ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လကာလအတွင်း အယ်လ်နီညိုဖြစ်စဉ်များ ကြုံတွေ့ရမည်ဟုသိရှိရပါ ကြောင်း၊ ယခင်အတွေ့အကြုံများအရ မိုးခေါင်ရေရှားခြင်းနှင့် ပူပြင်းခြောက်သွေ့ခြင်း များ ဖြစ်ပေါ်နိုင်သည့်အတွက် ပူပြင်းခြောက်သွေ့ဒဏ် ခံနိုင်မှုရှိစေရေးနှင့် ရေပြတ်လပ် မှုမရှိစေရေး ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်သွားကြရန်လည်း လိုအပ်ပါကြောင်း။

သစ်တောများအတွင်းရှိ သစ်ပင်များသာမက သစ်တောများ ပြင်ပတွင်ရှိနေသည့် သစ်ပင်သစ်တောများသည်လည်း အလွန်အရေးကြီးပါကြောင်း၊ သစ်ပင်စိုက်မှ အရိပ်ရ၏၊ ရိပ်ခိုနားနေ အပန်းပြေ၏ဆိုသည့်အတိုင်း ကျေးရွာ၊ မြို့ပြပတ်ဝန်းကျင် နေရာအသီးသီးတွင် စိမ်းလန်းစိုပြည်ပြီး အရိပ်အာဝါသရရှိစေရန် သစ်ပင်များရှင်သန် အောင် စိုက်ပျိုးထိန်းသိမ်းကြရန်လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ဖောက်လုပ် ထားရှိသည့် အဓိကလမ်းမကြီးများဖြစ်သည့် အာဆီယံလမ်းမကြီးများ၊ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးနှင့် ရထားလမ်းများတစ်လျှောက် စိမ်းလန်းစိုပြည်ရန် သက် ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး သစ်ပင်များစိုက်ပျိုး ဆောင်ရွက်လျက်ရှိပါ ကြောင်း။

နိုင်ငံ၏လူဦးရေအများစုသည် ကျေးလက်ဒေသများတွင် နေထိုင်ကြခြင်းဖြစ် သည့်အတွက် ကျေးလက်ထင်းလောင်စာလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး ကျေးရွာ ထင်းစိုက်ခင်းများ စိုက်ပျိုးတည်ထောင်ရန်၊ နိုင်ငံနှင့်တစ်ဝန်း ကျေးရွာများတွင် ဒေသ အလိုက် သင့်တော်သည့်အရိပ်ရပင်များ၊ လေကာပင်များကို စဉ်ဆက်မပြတ်စိုက်ပျိုးရန်၊ တောင်ထိပ်၊ တောင်ကုန်းတောင်တန်းများ၊ သစ်ပင်သစ်တောများ ထိန်းသိမ်းရန်၊ သစ်ပင်များစိုက်ပျိုးရန်၊ မြစ်ချောင်းတစ်လျှောက် သစ်ပင်များစိုက်ပျိုး ထိန်းသိမ်းရန်၊ ကမ်းရိုးတန်း ဒီရေရောက်ဒေသများတွင် ဒီရေတောအပင်များ စိုက်ပျိုးတည်ထောင်ရန် စသည့် သစ်ပင်သစ်တော စိုက်ပျိုးထိန်းသိမ်းရေး လုပ်ငန်းများကို ထိထိရောက်ရောက် အောင်မြင်စေရန် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

သစ်ပင်စိုက်ပျိုးခြင်းသည် အကျိုးကျေးဇူးအမျိုးမျိုးကို ရရှိခံစားနိုင်ပြီး သစ်တော များက အထောက်အပံ့ပြုသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများက သက်ရှိ လောကအတွက် အလွန်ပင်အရေးပါလှပါကြောင်း၊ ထို့ကြောင့် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် နိုင်ငံတစ်ဝန်း မြို့ပြနှင့်ရပ်ရွာ၊ ကျေးလက်ဒေသအသီးသီးတွင် စိမ်းလန်းစိုပြည် သာယာစေရေးအတွက် သစ်ပင်သစ်တောများ၊ စိမ်းလန်းစိုပြည်သည့် သဘာဝမြေယာရှုခင်းများဖြစ်အောင် စဉ်ဆက်မပြတ် တိုးမြှင့်စိုက်ပျိုးတည်ထောင်ရေး အလေးထားဆောင်ရွက်ပေးကြရန်၊ နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာ ဖူလုံရေး၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုလျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် အလွန်အရေးပါသည့် သစ်ပင်သစ်တောများ၊ သစ်တောဂေဟ စနစ်ထိန်းသိမ်းရေး လုပ်ငန်းများကို ဘက်စုံကဏ္ဍစုံက ရှုမြင်သုံးသပ်ပြီး အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းကာကွယ် ဆောင်ရွက်သွားကြရန် တိုက်တွန်း နှိုးဆော်ပါကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကံ့ကော်ပျိုးပင်ကို သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်း ရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်မျာနှင့် ပြည်ထောင်စုဝန်ကြီး များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများနှင့် ဝန်ကြီး ဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အခြေခံ ပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများသည် ပျိုးပင်များ ကို တစ်ပြိုင်တည်း စိုက်ပျိုးပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား သို့ တက်ရောက်လာကြသူများက ပျိုးပင်များအား  တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် မာရဝိဇယဗုဒ္ဓဥယျာဉ် ပရိဝုဏ်အတွင်း စိမ်းလန်းစိုပြေစေရေးအတွက် စိုက်ပျိုး ထားရှိသည့် လင်းလွန်းပင်၊ လုမ္ဗိနီအင်ကြင်းပင်နှင့် ကံ့ကော်ပင်စသည့် သစ်ပင်များ ရှင်သန်ဖြစ်ထွန်းလျက်ရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သစ်ပင်များ စဉ်ဆက်မပြတ်ရှင်သန်ဖြစ်ထွန်းစေရေးနှင့် ဘုရား ကြီး ပရိဝုဏ်အတွင်း စိမ်းလန်းစိုပြေမှုရှိစေရေး စနစ်တကျဖြင့် ထိန်းသိမ်းဆောင် ရွက်သွားရန် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ တတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် ကံ့ကော်၊ ခရေ၊ ကျွန်း၊ ပိတောက် စသည့်သစ်မျိုးများအပါဝင် သစ်မျိုး ၁၅ မျိုး၊ အပင်ပေါင်း ၂၅၂၀ ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ သစ်ပင်များကိုတစ်နိုင်ငံလုံး အရှိန်အဟုန်ဖြင့် နှစ်စဉ် စိုက်ပျိုးလျက်ရှိပြီး အခုနှစ်မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင်ပေါင်း ၂၄ ဒသမ ၆၂၉ သန်း စိုက်ပျိုး တည်ထောင်ခဲ့ကြောင်းသတင်းရရှိသည်။