ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ၍ မြန်မာအီလက် ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ယနေ့နံနက် (၀၉:၃၀) အချိန်တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက အမှာစကား ပြောကြားရာ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယခင်နိုင်ငံရေးပါတီများနှင့် ၄ ကြိမ် တွေ့ဆုံဆွေးနွေးပြီး နောင်ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲများတွင် မြန်မာနိုင်ငံနှင့် သင့်လျော် ပြီး ရိုးရှင်းလွယ်ကူသည့် စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ် (Closed List – PR) ကို ပြောင်းလဲ ကျင့်သုံးရန် သဘောတူညီခဲ့ကြကြောင်း၊ အချိုးကျကိုယ်စားပြုစနစ်နှင့်ကိုက်ညီမည့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းထုတ်ပြန်ရန် ပြင်ဆင် ဆောင်ရွက် လျက်ရှိကြောင်း၊
နိုင်ငံရေးပါတီများသည် နိုင်ငံတော်တာဝန်များကို ဦးဆောင်ပြီး ဆောင်ရွက်ရမည် ဖြစ်ရာ ခိုင်မာအားကောင်းသော အဖွဲ့အစည်းများဖြစ်ရန် နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေ၊ နည်းဥပဒေများကို အသစ်ပြဋ္ဌာန်း ထုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်း၊
နိုင်ငံရေးပါတီများအနေဖြင့် ဥပဒေ၊ နည်းဥပဒေသတ်မှတ်ချက်များနှင့်အညီ ပါတီဝင်အင်အား ကို စုဆောင်း၍ စာရင်းများကို သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ကို သတ်မှတ်ချက်နှင့်အညီ ပေးပို့ရမည်ဖြစ်ပြီး မြေပြင်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်မည်ဖြစ်သည့်အတွက် စနစ် တကျ စိစစ်ပေးပို့ရန် လိုအပ်ကြောင်း၊
နိုင်ငံရေးပါတီများအနေဖြင့် သတ်မှတ်ပါတီရန်ပုံငွေကို ပါတီစည်းရုံးရေး၊ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ ဘဏ္ဍာရေးစည်းမျဉ်းများနှင့် အညီ သုံးစွဲရမည်ဖြစ်ကြောင်း၊
နိုင်ငံရေးပါတီများသည် ပါတီရုံးခန်းများကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ကာလအတွင်း ပြည့်မီအောင် ဖွင့်လှစ်ရမည်ဖြစ်ပြီး ဖွဲ့စည်းမှုများကို ဖွဲ့စည်းပုံနှင့်အညီ စနစ်တကျ တာဝန်ပေးအပ်ထားရန်လိုကြောင်း၊ ပါတီအလံနှင့် ဆိုင်းဘုတ်များကိုလည်း သတ်မှတ်ချက်နှင့် အညီ စနစ်တကျဆောင်ရွက်ရန်နှင့် ပါတီ၏ဘဏ္ဍာရေးစည်းမျဉ်းများကို ညွှန်ကြားချက်နှင့်အညီ ရေးဆွဲ ဆောင်ရွက်ထားရန်လိုကြောင်း၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်း လုပ်ငန်း များ၌ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကို ပါဝင်ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်သည့်အတွက် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊
မဲဆန္ဒရှင်စာရင်းများပြုစုရာတွင် ပြည့်စုံမှန်ကန်ရေးနှင့် လျင်မြန်လွယ်ကူစေရေး အတွက် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ကို ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ မဲပေးရာမှာ မဲမသမာမှုများ မဖြစ်စေရန်နှင့် မဲပေးရာတွင် မြန်ဆန်လွယ်ကူခြင်း၊ အချိန်တိုအတွင်း တိကျသော မဲရလဒ်များ ရရှိနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ပယ်မဲမရှိခြင်း၊ မဲလက်မှတ် များရိုက်နှိပ် ရသည့် ကုန်ကျစရိတ်များ လျော့နည်းစေခြင်းတို့အတွက်ရည်ရွယ်ပြီး အီလက်ထရောနစ် မဲပေးစက် အသုံးပြုရေးကို ဆောင်ရွက်ခဲ့ကြောင်း၊
နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုရမည့် နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီရန်ပုံငွေနှင့် ပါတီရုံးများသည် သတ်မှတ်ချက်များနှင့်အညီ ခိုင်မာတောင့်တင်းရန် လိုကြောင်း၊ အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲများတွင် နိုင်ငံရေး ပါတီများသည် မိမိတို့၏ စည်းရုံးဆောင်ရွက်နိုင်မှုအပေါ်မူတည်ပြီး ရရှိမည့်ဆန္ဒမဲအပေါ်မူတည်၍ ကိုယ်စားလှယ်များ အချိုးကျ ရရှိမည်ဖြစ်သဖြင့် တိုင်းရင်းသားပါတီများအနေဖြင့်လည်း မိမိနယ်မြေ ဒေသအလိုက် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများ၌ မိမိတို့လူမျိုးစုများနှင့် ပြည်သူ့အကျိုး ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စစ်မှန်ပြီး စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံး ဖော်ဆောင်ရာတွင် ပြည်သူလူထုနှင့် နိုင်ငံတော် အတွက် မှန်ကန်ခိုင်မာစွာ ရပ်တည်ဆောင်ရွက်နိုင်သည့် နိုင်ငံရေးပါတီများဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးညီညီလွင် က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်စပ်လျဉ်း၍ Power Point ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြပြီး တက်ရောက်လာသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့ဆန္ဒမဲ ပေးခဲ့ကြသတင်းရရှိပါသည်။