နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့သည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA) စစ်ကွပ်ကဲရေးမှူးအဆင့်ရှိ စောဘညိမ်းအောင် ဦးဆောင်သော ကိုယ် စားလှယ် အဖွဲ့၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဒုတိယ ဥက္ကဋ္ဌ ကျာဖူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ခွန်သူရိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့နှင့်ယနေ့ နံနက်ပိုင်းတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေး ခန်းမ၌ တစ်ဖွဲ့ချင်း သီးခြားစီ လက်ခံတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် တစ်ဖွဲ့ချင်းစီ၏ တင်ပြ ချက်များ၊ ဒေသလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက် အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့ (ALP၊ DKBA ၊ KNU/KNLA-PC၊ LDU၊ PNLO)၏ ကိုယ်စားလှယ်အဖွဲ့တို့သည် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ တတိယနေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား ဆက်လက် ကျင်းပ ပြုလုပ်သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှဥက္ကဋ္ဌ စောမြရာဇာလင်း၊ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) ဒုတိယဥက္ကဋ္ဌ ကျာဖူး၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်သူရိန်၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)မှ စစ်ကွပ်ကဲရေးမှူး အဆင့်ရှိ စောဘညိမ်းအောင်တို့ ဦးဆောင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ် စားလှယ်များ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ၃ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ အပြီးသတ်ရရှိသည့် သဘော တူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကိုယ်စား ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) ဥက္ကဋ္ဌ စောမြရာဇာလင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့က နိဂုံးချုပ်အမှာစကားများပြောကြားခဲ့ပြီး နောက် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။