ငြိမ်းချမ်းရေးနှင့်စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကျင်းပ နေပြည်တော် ဩဂုတ် ၃၁

Thursday, August 31, 2023 - 17:00

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ဩဂုတ် (၂၉) ရက်မှ (၃၁) ရက်အထိ ကျင်းပခဲ့ပြီး ပြောရေးဆိုခွင့်ရှိသူများက ငြိမ်းချမ်းရေးအတွက် လက်ရှိဆွေးနွေး ဆောင်ရွက်နေမှု၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဆောင်ရွက်ပေးနေမှုနှင့် ရှေ့ဆက်ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝဏ္ဏအောင် က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့တို့သည် နိုင်ငံတကာ အသိသက်သေများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ကုလသဂ္ဂတို့မှ သံတမန်များ၊ ပြည်တွင်း အသိသက်သေများ ရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ကြသည့်အပြင် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုထားသည့် သမိုင်းဝင် စာချုပ်တစ်ခုဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဖေဖော် ဝါရီ ၁၃ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၂ ဖွဲ့ ထပ်မံ ပါဝင်လက်မှတ်ရေး ထိုးခဲ့သဖြင့် NCA တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(၇)ဖွဲ့၊ NCA လက်မှတ်မရေးထိုးထားရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း(၃)ဖွဲ့နှင့် နိုင်ငံရေးပါတီတို့ တွေ့ဆုံဆွေးနွေးခဲ့ ကြကြောင်း၊ ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီနိုင်ငံရေး စနစ် ခိုင်မာစေရေးအတွက် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်မည်၊ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်မည်၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လက်တွဲပူးပေါင်းအကောင်အထည် ဖော်မည်ဆိုသည့် အချက်များနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ခုနှစ်) ပြင်ဆင်နိုင်ရေးအတွက် ပုဒ်မများမှ ၂၁ ချက်တို့ကို သဘောတူ ညီခဲ့ကြကြောင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC) က UN အဖွဲ့အစည်း နှင့် ပေါင်းစပ်ပြီး အမှန်တကယ်လိုအပ် မည့်ဒေသများသို့ သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့နှင့်ညှိနှိုင်းဆောင်ရွက်၍ အကူအညီများ ရရှိရေး ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ လက်ရှိ၌ ကရင်ပြည်နယ်တွင် သံတောင်ကြီးမြို့နယ်၊ လိပ်သို/ယာဒိုဒေသ၊ မြဝတီမြို့နယ်၊ လေ့ကေ့ကော်ဒေသ၊ ရခိုင်ပြည်နယ်တွင် ရသေ့တောင် မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် မြောက်ဦးမြို့နယ်၊ရှမ်းပြည်နယ်တွင် ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ တောင်ကြီးမြို့နယ်နှင့် ဟိုပုံး မြို့နယ်များရှိ လူသားချင်းစာနာထောက်ထား မှုအကူအညီ လိုအပ်သူများထံသို့ ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း၊ နောက်ပိုင်းတွင်လည်း ယခုလို အကူအညီများကိုလိုအပ်သည့် ဒေသများသို့ JMC မှ ဆက်လက်ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း  ပြောကြားသည်။

          ထို့နောက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်စောမြရာဇာလင်း က NCA စာချုပ်သည် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးအတွက် အနှစ်သာရရှိသည့် စာချုပ်ဖြစ်ကြောင်း၊ NCA စာချုပ်သည် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တရားဝင်လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ သည့် စာချုပ်လည်းဖြစ်ကြောင်း၊ အဆိုပါစာချုပ်တွင် အစိုးရကိုယ်စားလှယ်အဖြစ် နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတ ၂ ဦး၊ တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဉီးစီးချုပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့မှ ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးခဲ့ကြပြီး ပြည်တွင်းနှင့် နိုင်ငံတကာ အသိသက်သေများလည်း ပါဝင်ခဲ့ ကြကြောင်း၊ အဆိုပါ စာချုပ်ကိုအခြေခံ၍ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ လည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ NCA သည် ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပေးထားသည့် သဘောတူစာချုပ်ဖြစ်သဖြင့် တရားဝင်စာချုပ်ဖြစ်ပြီး ပျက်ပြယ်မှုမရှိကြောင်း၊ ထို့ကြောင့် NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများစုအနေဖြင့် NCA အား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံတော် တည်ဆောက်နိုင်သည်အထိ ငြိမ်းချမ်းရေးကို ဆွေးနွေးသွားကြရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီ နှင့်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် EAO များ လက်တွေ့ကျကျ ပါဝင်နိုင်ရေး ကိုလည်း ဆွေးနွေးနေကြောင်း၊ NCA စာချုပ်ချုပ်ဆိုခဲ့သည့်မှာ အောက်တိုဘာ ၁၅ ရက် တွင် ၈ နှစ်ပြည့်မည်ဖြစ်သဖြင့် အဆိုပါ NCA စာချုပ်ချုပ်ဆိုခဲ့သည့် ၈ နှစ်ပြည့်အခမ်းအနားကို လက်တွေ့ကျကျ အဓိပ္ပာယ်ရှိရှိ ကျင်းပလိုသည့်အစီအစဉ်များကို လည်း ဆွေးနွေးလျက်ရှိ ကြောင်း ပြောကြားသည်။