နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့(ALP ၊ DKBA ၊ KNU/KNLA-PC ၊ LDU၊ PNLO)တို့၏ ကိုယ်စားလှယ် အဖွဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP)မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဒုတိယဥက္ကဋ္ဌ ကျာဖူး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ခွန်သူရိန်၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ စစ်ကွပ်ကဲရေးမှူး အဆင့်ရှိ စောဘညိမ်းအောင်တို့ ဦးဆောင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပဋိပက္ခဒဏ်ခံစားနေရသော ဒေသများရှိ တိုက်ပွဲရှောင်နှင့် ဒေသခံပြည်သူ လူထုအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးခြင်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် NCA လက်မှတ်ရေးထိုးထားသော သက်ဆိုင်ရာနယ်မြေများမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးကိစ္စ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် EAO များ ကိုယ်တိုင်လက်တွေ့ကျကျ ပါဝင်လုပ်ဆောင်နိုင်ရေးကိစ္စ၊ နိုင်ငံရေး နယ်ပယ်တွင် ဒေသအလိုက် EAO များ၏ ဦးဆောင်မှုကို မြှင့်တင်ရေးကိစ္စနှင့် NCA (၈) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နိုင်ငံရေး အဓိပ္ပာယ် ပြည့်ဝစွာ ကျင်းပနိုင်ရေးကိစ္စတို့ကို ဆွေးနွေး ခဲ့ကြပြီး တက်ရောက်လာကြသူများက မိမိတို့၏ သဘောထားများကို အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်း၍ ဒုတိယနေ့တွေ့ဆုံ ဆွေးနွေးပွဲကို ရပ်နားခဲ့သည်။
တတိယနေ့ ဆွေးနွေးပွဲကို ဩဂုတ် ၃၁ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး နှစ်ဖက် တူညီသည့် သဘောထားများကို သဘောတူညီချက်များအဖြစ် လက်မှတ်ရေးထိုး သွားမည်ဖြစ်ကြောင်း သိရသည်။