နေပြည်တော်၊ မေ ၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ မေလ ၈ ရက်နေ့တွင် ဆူပူ အကြမ်းဖက် သူများအား လူစုခွဲရှင်းလင်းခဲ့ပြီး ဆူပူအကြမ်းဖက်သူ အမျိုးသား ၇ ဦးအား အကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသဖြင့်
အရေးယူထားရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၈ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် နတ်မောက်မြို့နယ်၊ သားမျှားကျေးရွာ နေ ဆယ်အိမ်မှူး ဦးမောင်မောင်အား အဆိုပါကျေးရွာနေ ဆူပူအကြမ်းဖက်သူအချို့က ဖမ်းဆီးထား ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါအခြေအနေအား ထိန်းသိမ်းနိုင်ရေး သွားရောက်ခဲ့ရာ ကျေးရွာအဝင်လမ်းအား ဆူပူအကြမ်းဖက်သူအင်အား ၁၀၀ ဦး ခန့်က အတားအဆီးများဖြင့်ပိတ်ဆို့ထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား လေးခွများဖြင့် ဝိုင်းဝန်း ပစ်ခတ် တားဆီးခဲ့သဖြင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲ ခဲ့ရသည်။
ထို့နောက် သားမျှားကျေးရွာ ရွာဦးဘုန်းကြီးကျောင်းရှေ့လမ်းမပေါ်အရောက် အဆိုပါ အကြမ်းဖက်သူအင်အား ၁၀၀ ဦးခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထပ်မံပိတ်ဆို့၍ လေးခွများဖြင့် ထပ်မံပစ်ခတ်ခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ပြီး ဆူပူအကြမ်းဖက်သူ လူအုပ်စု အတွင်းမှ အဆိုပါကျေးရွာနေ ညွှန့်ဝေ (၅၀)နှစ် (ဘ) ဦးကျော်သန်းပါ အမျိုးသား ၇ ဦးကို လေးခွ၊ လောက်စာလုံး၊ ခရင်းခွ၊ ဓားများဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဆယ်အိမ်မှူး ဦးမောင်မောင်အား အဆိုပါကျေးရွာရှိ အောင်ချမ်းသာဘုန်းကြီးကျောင်း ဆရာတော်မှ ခေါ်ဆောင် ထားကြောင်း သိရှိရသည်။
အဆိုပါဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွင် ဖမ်းဆီးရမိသူ ညွန့်ဝေ ပါ အမျိုးသား ၇ ဦးအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။