ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချ နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၂၄

Thursday, August 24, 2023 - 16:15

                 ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော် သားများနှင့် တာဝန်ရှိသူများက  နေ့စဉ်ရောင်းချပေးလျက်ရှိသည်။

                 ယနေ့တွင်လည်း စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံ၌ ဆန်၊ ဆီ၊ ဆား၊ အသား/ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ များကိုလည်းကောင်း၊ တပ်မတော်စက်ရုံများနှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့မှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကွတ်နှင့် စည်သွပ်ဘူးများဖြစ်သည့် အမဲသားဘူး၊ မျှစ်စားတော် ပဲဘူး၊ ကြက်သား အာလူးဘူး၊ ငါးတန်အချိုပေါင်းဘူး၊ ငါးသလောက်ဘူး၊ ငပိကြော်ဘူး၊ ပဲထော ပတ်ဘူး၊ ပဲခရမ်းဘူး၊ သရက်သီးသနပ်ဘူး စသည့် စားသောက် ကုန်များကိုလည်းကောင်း၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီ လီမိတက် အရောင်းဆိုင်များ၏ စားသောက်ကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကိုလည်းကောင်း၊ ပြင်ပပေါက်ဈေးထက်သက်သာသောဈေးနှုန်း များဖြင့် ဆက်လက်ရောင်းချပေးရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်း မိသားစုများက တစ်ခဲနက်ဝယ်ယူအားပေးကြကြောင်းနှင့် ယခုကဲ့သို့ စားရေးအခက်အခဲ ဖြစ်ပေါ်နေချိန်တွင် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးမှုအပေါ် တာဝန်ရှိသူ များအား အထူးပင်ကျေးဇူးတင်ရှိကြောင်း သတင်းရရှိသည်။