နိုင်ငံခြားသုံးငွေကိုင်ဆောင်မှုနှင့်စပ်လျဉ်း၍ ကြေညာချက်

Sunday, August 20, 2023 - 16:15

                         

 

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉ အရ နိုင်ငံတော်တွင် နိုင်ငံခြားသုံးငွေရောင်းဝယ်မှု လုပ်ငန်းများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူများကသာ ဆောင်ရွက်ခွင့်ရှိပြီး နိုင်ငံခြားသုံးငွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရရှိသူများသည် နိုင်ငံခြားငွေ ငွေသားနှင့် ခရီးသွားချက်လက်မှတ်များကိုသာ ရောင်းဝယ်ခွင့်ရှိပါသည်။

မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ်က ၃၀-၉-၂၀၁၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ အမှတ် ၇/၂၀၁၄ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းအပိုဒ် ၁၅ တွင် “ပြည်တွင်း၌နေထိုင်သူ တစ်ဦးသည် တရားဝင်နည်းလမ်းဖြင့်ရရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀/- အထိ သို့မဟုတ် ယင်းနှင့်ညီမျှသောငွေထက်မပိုသော နိုင်ငံခြားငွေများကို လက်ခံရရှိသည့်နေ့မှ ၆ လ အတွင်း ကိုင်ဆောင်ခွင့်ရှိသည်။  ယင်း ၆ လကာလကျော်သည်အထိ အသုံးမပြုဘဲရှိနေသည့်  နိုင်ငံခြားငွေ များအား နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူများထံတွင် ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချလဲလှယ်ခြင်း သို့မဟုတ် ဘဏ်စာရင်းသို့ ထည့်သွင်းခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း” အတိအလင်း ဖော်ပြထားပါသည်။

သို့ဖြစ်ပါ၍ အများပြည်သူများအနေဖြင့် ခွင့်ပြုချက်/လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများ  လက်ဝယ် ကိုင်ဆောင်ထားသည်ကိုတွေ့ရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထပ်မံသတိပေးပါသည်။