မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညို၊ နေပြည်တော်၊ ၂၀၂၃ ဩဂုတ် - ၁၇

Thursday, August 17, 2023 - 15:45

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္တုကံ တော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူး ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ဘုရားဖူးလာရောက်ကြသည့် ရဟန်း၊ ရှင်လူပြည်သူများသည် ဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊ မာရဝိဇယ ကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီ ၇၂၀ ဆူတို့ အပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုလေ့လာခြင်း၊ တရားဘာဝနာပွားများခြင်း၊ အသင်းအဖွဲ့အလိုက် ဝတ်ရွတ် ပူဇော်ခြင်းများ ဆောင်ရွက်ကြပြီး ကြည်ညိုသဒ္ဓါပွားများလျက် စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြသည်။

ထို့ပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက် ဖူးမြော် ကြည်ညိုကြသော ရဟန်း၊ ရှင်လူ၊ အများပြည်သူများအား ခုနှစ်ရက်သားသမီး အလှူရှင် များကလည်း သားသက်လွတ် သီးစုံဒံပေါက်ဘူးများ၊ ရေသန့်ဘူးများဖြင့် အဟာရဒါန လာရောက် လှူဒါန်း၍ ကုသိုလ်ယူကြသည်ကိုလည်း တွေ့မြင်ရသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဩဂုတ်လ ၈ ရက်မှ ၂၀ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း အခမဲ့လာရောက်ဖူးမြော်ကြည်ညို ခွင့်ပြုပေး ထားကြောင်း သိရှိရသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ဩဂုတ် ၂၁ ရက်နှင့်နောက်ပိုင်း လာရောက် ဖူးမြော်ကြသူများအား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ်တော်ကြီး ရေရှည် တည်တံ့ခိုင်မြဲစေရန်အတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက် ရာတွင် ကုသိုလ်တော်ဖြစ် ပါဝင်နိုင်ရေး မြန်မာနိုင်ငံသား လူကြီး/ ကလေး တစ်ဦးလျှင် ၁၀၀၀ ကျပ်နှင့် နိုင်ငံခြားသားတစ်ဦးလျှင် 10 USD နှုန်းတို့ဖြင့် သတ်မှတ် ကောက်ခံ သွားမည်ဖြစ်ပြီး အသေးစိတ်အား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ Website ဖြစ်သည့် mbiw.myannet.comwww.twitter.com/Maravijaya- နှင့် t.me/ Maravijaya တို့တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အသိပေးအပ်ပါသည်။