(၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023)ကို ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ရုရှားတပ်မတော်မျိုးချစ်ပန်းခြံတွင် ဩဂုတ် ၁၅ ရက်က ကျင်းပပြုလုပ် ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်း Video Message ပေးပို့တက်ရောက်သည်။
ညီလာခံကို ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် စတင်ကျင်းပပြုလုပ်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်က Video Message ဖြင့် မိန့်ခွန်းပြောကြား၍ ဖွင့်လှစ် ပေးသည်။ ထို့နောက် ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ ၂၀ မိနစ်မှ ၂ နာရီအထိ “အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်ရှိ လုံခြုံရေးဆိုင်ရာ စစ်ဘက်အမြင်များ” ခေါင်းစဉ်ဖြင့် မျက်နှာစုံညီ အစည်းအဝေးအစီအစဉ်ပထမပိုင်းကိုလည်းကောင်း၊ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်မှ ၄ နာရီ ၅၀ မိနစ်အထိ “အာရှ-ပစိဖိတ်ဒေသတွင်း လုံခြုံရေး” ခေါင်းစဉ်ဖြင့်အစည်းအဝေး ဒုတိယပိုင်းကိုလည်းကောင်း၊ ညနေ ၅ နာရီ ၂၀ မိနစ်မှ ၇ နာရီအထိ “စစ်ဘက်ဆိုင်ရာဌာနများ၏ အပြန်အလှန်ဆက်ဆံရေး-အခြေအနေများ နှင့် မျှော်မှန်းချက်များ” ခေါင်းစဉ်ဖြင့် အစည်းအဝေးတတိယပိုင်းကိုလည်းကောင်း ကျင်းပ ပြုလုပ်ခဲ့သည်။ အစည်းအဝေးအစီအစဉ် ဒုတိယပိုင်းပြုလုပ်နေစဉ် ညနေ ၃ နာရီ ၅၂ မိနစ်မှ ၄ နာရီ ၈ မိနစ်အထိ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်း Video Message ကိုပြသခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းအပြည့်အစုံမှာ မိမိအနေဖြင့် ယနေ့ကျင်းပပြုလုပ်သည့် ညီလာခံကိုလူကိုယ် တိုင်ပါဝင်တက်ရောက်လိုပါသော်လည်း လုပ်ငန်းတာဝန်များဖြင့် မအားလပ်ခြင်း ကြောင့် ယခုကဲ့သို့ဆွေးနွေးချက် ဗီဒီယိုဖိုင်ဖြင့်သာပေးပို့၍ ပါဝင်ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သော ညီလာခံတွင် “ အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အရေးပါသော အာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်မှု ” နှင့် ပတ်သက်ပြီး သုံးသပ်ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း။
အာရှ-ပစိဖိတ်ဒေသတွင် အာရှကုန်းမြေဒေသ၊ ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာတို့ အကျုံးဝင်နေပါကြောင်း၊ အာရှ-ပစိဖိတ်ဒေသတွင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော် ဖြစ်သည့် ၄ ဒသမ ၃ ဘီလီယံကျော် နေထိုင်လျက်ရှိပြီး ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံ များဖြစ်သော တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပါဝင်တည်ရှိနေပါကြောင်း။
ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကျော် နေထိုင်လျက်ရှိသော အာရှ-ပစိဖိတ်ဒေသအတွက် စားနပ်ရိက္ခာလုံခြုံမှုရှိရေးသည် အခြေခံအကျဆုံးနှင့် အဓိက အကျဆုံး လိုအပ်ချက်တစ်ခု ဖြစ်လာပါကြောင်း၊ စားနပ်ရိက္ခာလုံခြုံမှုရှိရေးတွင် အဓိက ကျသော စိုက်ပျိုးရေးအတွက် လိုအပ်သည့် လောင်စာဆီ၊ ဓာတ်မြေဩဇာများ အပါအဝင် အထောက်အကူပြုပစ္စည်းများ ရောင်းဝယ်ရာ၌ အချို့နိုင်ငံများသည် ဘဏ္ဍာရေးလုံခြုံမှုနှင့် ယှဉ်တွဲပြီးဖြစ်လာသော ဒေါ်လာငွေကြေးကို လက်နက်သဖွယ် အသုံးချလျက်ရှိကြောင်း။
၂၀၂၂ ခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသ၏ ရောင်းကုန် ကုန်သွယ်ခြင်း အနေဖြင့် အမေရိကန်ဒေါ်လာ ၁၉ ထရီလီယံခန့်ရှိခဲ့ပြီး စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုကုန်သွယ် ခြင်း အနေဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ထရီလီယံခန့်ရှိခဲ့ပါကြောင်း၊ ကမ္ဘာ့ ပင်လယ်ရေကြောင်းကုန်သွယ်မှုသည် အာရှ-ပစိဖိတ်ဒေသတွင် အများဆုံးဆောင်ရွက် လျက်ရှိပြီး ကမ္ဘာ့နိုင်ငံများအချင်းချင်း ကုန်သွယ်မှုပြုရာတွင် အာရှ-ပစိဖိတ်ဒေသ၌ ၅၉ ရာခိုင်နှုန်းခန့် ကုန်ချပြီး ၄၀ ရာခိုင် နှုန်းခန့် ကုန်တင်မှု များရှိပါကြောင်း၊ ထို့ပြင် ကမ္ဘာ့ ထိပ်တန်း ကွန်တိန်နာဆိပ်ကမ်း ၃၀ အနက် ၂၀ ခုမှာ အာရှ-ပစိဖိတ်ဒေသတွင် တည် ရှိပြီး ကမ္ဘာ့ပင်လယ်ရေကြောင်း ကွန်တိန်နာ ပို့ဆောင်ရေးလမ်းကြောင်း၏ ၅၆ ရာခိုင် နှုန်းကိုလည်း ပိုင်ဆိုင်ထားပါကြောင်း။
အာရှ-ပစိဖိတ်ဒေသ၏ ရေနံထုတ်လုပ်မှုတွင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့က ဦးဆောင်လျက်ရှိပြီး တရုတ်နိုင်ငံသည် ရေနံထုတ်လုပ်သည့် ထိပ်တန်းနိုင်ငံဖြစ်သော်လည်း ပြည်တွင်းသုံးစွဲမှုလိုအပ်ချက်အရ ပြည်ပနိုင်ငံများမှ ရေနံများ တင်သွင်းရလျက်ရှိပါကြောင်း၊ အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံပြီးလျှင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့တတိယရေနံသုံးစွဲမှုအများဆုံးနိုင်ငံ ဖြစ်ပါကြောင်း၊ အာရှ-ပစိဖိတ်ဒေသသည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ရေနံထုတ်လုပ်မှု၏ ၈.၃ ရာခိုင်နှုန်းကို ထုတ်လုပ်ထားပြီး ဒေသတွင်းလိုအပ်ချက်အား ပြည့်မီနိုင်ရန် ကမ္ဘာ့ရေနံထုတ်လုပ်မှု၏ ၃၈ ရာခိုင်နှုန်းကို အာရှ-ပစိဖိတ်ဒေသတွင် သုံးစွဲလျက်ရှိပါကြောင်း၊ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ၏ အချက်အလက်များအရ အာရှ-ပစိဖိတ်ဒေသ၏ ရေနံလိုအပ်ချက် မှာ လက်ရှိကာလတွင် တစ်ရက်လျှင်ရေနံစည် ၃၀ ဒသမ ၈ သန်းဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် တစ်ရက်လျှင် ရေနံစည် ၃၈ ဒသမ ၅ သန်းအထိ မြင့်တက်လာနိုင် သည့်အတွက် အာရှ-ပစိဖိတ်ဒေသတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ဈေးကွက် ကြီးမား စွာဖြစ်ပေါ်နေပါကြောင်း။
အာရှ-ပစိဖိတ်ဒေသသည် လူဦးရေများပြားခြင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးတွင် အချက်အချာကျနေခြင်းတို့အပြင် လုံခြုံရေးအပါအဝင် ကဏ္ဍမျိုးစုံ၌ အရေးပါသည့် ဒေသဖြစ်လာသည့်အတွက် အမေရိကန်နိုင်ငံအပါအဝင် ဥရောပသမဂ္ဂနှင့် NATO အဖွဲ့ဝင်နိုင်ငံများကလည်း ၎င်းတို့၏ အကျိုးစီးပွားအတွက် အာရှ-ပစိဖိတ်ဒေသအပေါ် စိတ်ဝင်စားမှု မြင့်တက်လာပြီး ဒေသတွင်းနိုင်ငံများနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်လာသည်ကို တွေ့ရှိရပါကြောင်း။
ကပ်ရောဂါဖြစ်ပွားမှု၊ အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများ၊ မဖြေရှင်းနိုင် သေးသည့် နယ်မြေပိုင်ဆိုင်ခွင့် အငြင်းပွားမှုများနှင့် လတ်တလောပေါ်ပေါက်နေသော အရေးအခင်းများ၏ ပေါင်းစပ်သက်ရောက်မှုများကြောင့် မျက်မှောက်ကာလတွင် ကမ္ဘာကြီး၏ အနေအထားသည် ကြီးမားစွာ ကွဲပြားကွာဟမှုများနှင့် တွေ့ကြုံနေရပြီး လုံခြုံရေးကဏ္ဍတွင်လည်း အပြိုင်အဆိုင် လွှမ်းမိုးနိုင်ရန် အပြင်းအထန် အားထုတ်မှု များနှင့်အတူ ကြီးမားသည့် အင်အားချိန်ခွင်လျှာ အပြောင်းအလဲများ ဖြစ်ပေါ်လျက် ရှိပါကြောင်း၊ ထိုကဲ့သို့ တည်ငြိမ်လုံခြုံမှုပိုမိုလျော့နည်းလာသည့် ကမ္ဘာ့အနေအထား သည် အာရှ-ပစိဖိတ်ဒေသကြီး၏ လုံခြုံရေးနှင့် စီးပွားရေးကဏ္ဍများ၌ သိသာထင်ရှား သည့် သက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း။
ကမ္ဘာ့အနေအထား မတည်ငြိမ်မှုနှင့် မလုံခြုံမှုတို့မှတစ်ဆင့် ဖြစ်ပေါ်လာသော ထိခိုက်မှုများကိုလျော့ပါးသွားစေရန် လုပ်ဆောင်ရာ၌ အာဆီယံကဲ့သို့သော ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းများသည် အထူးအရေးကြီးသည့် ကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ အပြန်အလှန်ဆွေးနွေးမှုများကို မြှင့်တင်ခြင်း၊ ပဋိပက္ခဖြေ ရှင်းရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်ပေးခြင်း၊ စီးပွားရေး ပေါင်းစည်း ဆောင်ရွက် မှုများကိုတိုးမြှင့်စေခြင်းနှင့် နိုင်ငံအများပူးပေါင်းပါဝင်ဆောင်ရွက်မှုကို အားပေးကျင့် သုံးခြင်းများသည် အာရှ-ပစိဖိတ်ဒေသအတွက် စိန်ခေါ်မှုများအား ရင်ဆိုင်ရာ၌ အထောက်အကူဖြစ်စေသည့်အပြင် မရေရာမတည်ငြိမ်သည့် ကမ္ဘာ့ပတ်ဝန်းကျင် အနေ အထားအား တည်ငြိမ်အေးချမ်းပြီး သာယာဝပြောမှုတို့ကို ပြန်လည်ဖော်ဆောင် နိုင်ရန်အတွက်လည်း ကူညီပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း။
အာဆီယံအဖွဲ့အား ၁၉၆၇ ခုနှစ်တွင် ကနဦးအဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒို နီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က အာဆီယံ ကြေညာချက်ကို လက်မှတ်ရေးထိုး၍ ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့နောက် ၁၉၈၄ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ၊ ၁၉၉၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ ၁၉၉၇ ခုနှစ်တွင် မြန်မာ နိုင်ငံနှင့် လာအိုနိုင်ငံ၊ ၁၉၉၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံတို့က အာဆီယံအဖွဲ့ဝင် နိုင်ငံများအဖြစ် ဝင်ရောက်လာခဲ့ပါကြောင်း၊ ဘာသာရေးအရ ကွဲပြားခြားနား မှုရှိသည့် အာဆီယံနိုင်ငံများသည် စတင်ဖွဲ့စည်းခဲ့စဉ် ချမှတ်ခဲ့သော အာဆီယံပဋိဉာဉ်စာတမ်း ပါ အခြေခံမူဝါဒများဖြစ်သည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို မစွက်ဖက် ရေးနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများအား ၎င်း၏နှစ်ပေါင်း ၅၆ နှစ်တာသက်တမ်းတစ်လျှောက်လုံး ခိုင်ခိုင်မာမာ စွဲကိုင်ရပ်တည် လာခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးစီးပွားကို စည်းလုံးညီညွတ်စွာဖြင့် ဖော်ဆောင်နိုင် ခဲ့ ပါကြောင်း။
လက်ရှိကာလတွင် လူဦးရေ ၆၈၇ သန်းကျော်ရှိပြီး စီးပွားရေးအရလည်း GDP ဒေါ်လာ ၃ ဒသမ ၆၆ ထရီလီယံကျော်ရှိသော အာဆီယံသည် ၎င်း၏ ခိုင်မာတောင့် တင်းသော အင်အားနှင့်စွမ်းပကားကိုအသုံးပြု၍ ဒေသတွင်းနှင့် ဒေသပြင်ပနိုင်ငံများ စွာ၏ အကျိုးစီးပွားအတွက်လည်း ထမ်းရွက်ပံ့ပိုးပေးနိုင်သည့်အခြေအနေကို ရောက်ရှိ နေပြီဖြစ်ပါကြောင်း၊ ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မြေပေါ်၊ မြေအောက်နှင့် ရေသယံဇာတများထုတ်ယူပြီး ကမ္ဘာကြီး၏ စွမ်းအင်လိုအပ်ချက်နှင့် စားနပ်ရိက္ခာ လိုအပ်ချက်များအား တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနေလျက်ရှိပါကြောင်း၊ အာရှ-ပစိဖိတ်ဒေသရှိ အာဆီယံအဖွဲ့သည် ဒေသတွင်းပေါင်းစည်းညီညွတ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအတွက် မောင်းနှင်အားတစ်ခုဖြစ်လာခဲ့ပါကြောင်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်း၊ နိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်း၊ လူမှုရေးနှင့် ယဉ်ကျေးမှုအသိုက် အဝန်း အစရှိသည့့် စုဖွဲ့မှုများနှင့် အာဆီယံအဖွဲ့ဝင်များ အကြား စီးပွားရေး ၊ နိုင်ငံရေး ၊ လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍများ၌ ပေါင်းစည်းညီညွတ်မှုကို ဖော်ဆောင်နိုင်ခဲ့ပါ ကြောင်း။
အာဆီယံအဖွဲ့သည် စစ်ရေးမဟာမိတ်အုပ်စု မဟုတ်သော်လည်း အဖွဲ့ဝင်နိုင်ငံ များ၏ ကာကွယ်ရေးပေါင်းစည်းအင်အားမှာ ကြီးမားလှပါကြောင်း၊ စစ်ရေးအတွေ့ အကြုံရှိသည့် ဗီယက်နမ်၊ မြန်မာနှင့် စွမ်းပကားထက်မြက်သော လက်နက်များ ပိုင်ဆိုင်ထားသည့် အာဆီယံနိုင်ငံများ၏ ပေါင်းစည်းအင်အားသည် ကမ္ဘာကြီးအတွက် အသင့်အတင့်အားထားနိုင်သော အခြေအနေတွင်ရှိပါကြောင်း၊ အာဆီယံအဖွဲ့သည် အာရှ-ပစိဖိတ်ဒေသအတွင်း ပြင်ပအင်အားကြီးနိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ၊ အာဆီယံအပေါင်းသုံး အစရှိသည့် အာဆီယံနှင့် ပြင်ပ မိတ်ဖက်နိုင်ငံများအကြားဆွေးနွေးပွဲ ယန္တရားများတွင် အာဆီယံသည် အဓိကအချက် အချာကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်အပြင် ဒေသတွင်းပူးပေါင်းဆောင်ရွက် မှုများအပေါ် ဩဇာသက်ရောက်လျက်ရှိပြီး ငြိမ်းချမ်းသောဆက်ဆံရေးလမ်းကြောင်း များကို အားပေးမြှင့်တင်ကာ အကျိုးတူကိစ္စရပ်များအတွက် ပူးပေါင်းဆောင်ရွက်မှုများ ကိုလည်း အားကောင်းစေလျက်ရှိပါကြောင်း။
ထို့ကြောင့် အာဆီယံ၏ စည်းလုံးညီညွတ်မှုသည် အာရှ-ပစိဖိတ်ဒေသ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့ကို ဖော်ဆောင်ရာတွင် မရှိမဖြစ် အထူးအရေးပါနေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အာဆီယံ၏ စည်းလုံး ညီညွတ်မှု ခိုင်မြဲနေသမျှ အာဆီယံသည် အာရှ-ပစိဖိတ်ဒေသအတွက် အရေးပါသည့် အင်အားအဖြစ်ရှိနေမည်ဖြစ်ပါကြောင်း၊ အာဆီယံအဖွဲ့ကြီးအနေဖြင့် အဖွဲ့ဝင်နိုင်ငံများ အကြား စည်းလုံးညီညွတ်မှုကို အားကြိုးမာန်တက် ဖော်ဆောင်လျက်ရှိချိန်တွင် တစ်ဖက်တွင်လည်း အဆိုပါစည်းလုံးညီညွတ်မှုကို စိန်ခေါ်နေသောခြိမ်းခြောက်မှုများ လည်းရှိနေပါကြောင်း။
မိမိတို့မြန်မာနိုင်ငံနှင့်ပတ်သက်၍ လက်ရှိကာလတွင် မြန်မာနိုင်ငံ၏အချို့ဒေသ များမှအပ နေရာဒေသအများစုတွင် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအရ တည်ငြိမ်မှု ရှိအောင် ဆောင်ရွက်ထားနိုင်ပြီဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်၍ တရား မျှတသောပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ်ကိုကျင်းပပြီး အနိုင်ရရှိသော နိုင်ငံရေးပါတီအား ဒီမိုကရေစီစံနှုန်းနှင့်အညီ နိုင်ငံတော်အာဏာကို ပြန်လည်အပ်နှင်း နိုင်ရေးအတွက် နိုင်ငံတစ်ဝန်းလုံခြုံမှုရှိစေရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းအားထုတ် ဆောင် ရွက်လျက်ရှိသည်ကို ပြောကြားလိုပါကြောင်း။
အာဆီယံဒေသသည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာ တို့ကို ပေါင်းကူးပေး သည့်နေရာတွင်ရှိပြီး အာရှ-ပစိဖိတ်ဒေသ၏ ဗဟိုချက်အဖြစ် တည်ရှိလျက်ရှိ ပါကြောင်း၊ အာဆီယံ၏စည်းလုံးညီညွတ်မှုသည် အာရှ-ပစိဖိတ်ဒေသကြီး တစ်ခုလုံး၏ တည်ငြိမ် အေးချမ်းရေးအတွက် များစွာအရေးပါလျက်ရှိသဖြင့် အနာဂတ်တွင် အာရှ-ပစိဖိတ် ဒေသတွင်း နက်နဲရှုပ်ထွေးသောစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံများအားလုံး၏ စည်းလုံးညီညွတ်မှု၊ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုခိုင်မာအောင်ဆောင်ရွက်ကာ ကျော်လွှားတုံ့ပြန်သွားကြရမည် ဖြစ်ပါကြောင်း၊ ဒေသတွင်းနိုင်ငံများအကြား အငြင်းပွားမှုများနှင့် ပြဿနာများအား ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာသွားရမည်ဖြစ်ပြီး ရရှိလာသော အခွင့်အလမ်း များကို အမိအရအသုံးချ၍ ဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ဖြင့်ပြောကြားသည်။
ထို့နောက်(၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023)ကို ဒေသခံစံတော်ချိန် ည ၆ နာရီခွဲအချိန်တွင် ရုပ်သိမ်းလိုက်သည်။
အဆိုပါ (၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်အပါအဝင် နိုင်ငံ ၅ နိုင်ငံမှ အကြီးအကဲများက Video မှတ်တမ်း ပေးပို့၍ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း အပါအဝင် နိုင်ငံပေါင်း ၂၀ မှ ကာကွယ်ရေးဝန်ကြီးအဆင့်ပုဂ္ဂိုလ် ၂၀ ဦး၊ နိုင်ငံ ၁၆ နိုင်ငံမှ ဒုတိယ ကာကွယ်ရေးဝန်ကြီးအဆင့် ပုဂ္ဂိုလ် ၁၆ ဦး၊ နိုင်ငံ ၁၂ နိုင်ငံမှ ညွှန်ကြားရေးမှူးအဆင့် ပုဂ္ဂိုလ် ၁၂ ဦး အပါအဝင်စုစုပေါင်း ၈၀၀ ကျော် ပါဝင်တက် ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။