PDF အမည်ခံအကြမ်းဖက်သမားများက နွားထိုးကြီးမြို့နယ်၊ မင်းရွာကျေးရွာရှိ အပြစ်မဲ့ပြည်သူများအား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်၊ ကျေးရွာစာသင်ကျောင်းအား အကြောင်းမဲ့မီးရှို့ဖျက်ဆီး နေပြည်တော်၊ ၂၀၂၃ ဩဂုတ် ၁၃

Sunday, August 13, 2023 - 14:30

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊  မင်းရွာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူ အပါအဝင် ကျေးရွာရှိ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား ဩဂုတ် ၁၁ ရက် နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက  လက်နက်ငယ် များဖြင့် လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကျေးရွာစာသင်ကျောင်းအား မီးရှို့ဖျက်ဆီး သွားခဲ့ကြောင်း  သိရှိရသည်။

ဖြစ်စဉ်မှာ နွားထိုးကြီးမြို့နယ်၊ မင်းရွာကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများသည် ဩဂုတ် ၁၁ ရက် နံနက် ၃ နာရီခန့်တွင် လက်နက်ငယ် များ ကိုင်ဆောင်၍ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေသည့် ဦးအုန်းဖေ နှင် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်မိုး အပါအဝင် အမျိုးသား ၂ ဦး နှင့်အမျိုးသမီး ၂ ဦးတို့အား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား မီးရှို့ ဖျက်ဆီးကာ ထွက်ပြေးသွားခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် သေဆုံးနေသည့် အပြစ်မဲ့ပြည်သူများ၏ အလောင်းများအား  လုံခြုံရေးတပ်ဖွဲ့ဝင်များက နွားထိုးကြီးမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ မေတ္တာမွန်လူမှု ကူညီရေးအသင်းပိုင် Alphard အမျိုးအစား မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့စဉ် နံနက် ၁၀ နာရီခန့်တွင် နွားထိုးကြီး - မြင်းခြံ သွား ကားလမ်း၊ မိုးကန်ကျေးရွာအနီးသို့ အရောက်၍ လမ်းညာဘက် ၁၀ ပေခန့်အကွာမှ PDF အမည်ခံအကြမ်းဖက်သမား များက လက်လုပ်အဝေးထိန်းမိုင်းများဖြင့် ထပ်မံပေါက်ခွဲ တိုက်ခိုက်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ သည်။

               အကြမ်းဖက်သမားများအနေဖြင့်   အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ ကျောင်းသူ/ကျောင်းသားများ ပညာသင်ကြားရေးအတွက် အသုံးပြု နေသည့် ကျေးရွာစာသင်ကျောင်းအား ယခုကဲ့သို့ မီးရှို့ဖျက်ဆီးခဲ့ခြင်း စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါလုပ်ရပ်များအပေါ် ဒေသခံ ပြည်သူများ အနေဖြင့် ရွံ့ရှာဆက်စုပ်မုန်းတီးလျက်ရှိကြောင်းနှင့် အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှု ကို ကျူးလွန်ခဲ့သူများအား အမြန်ဆုံးရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်း စဉ်များကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။