နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်     မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သတင်းစာစက္ကူစက်ရုံ(သာပေါင်း) စတင်ဖွင့်လှစ် လည်ပတ်ခြင်းအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ် နေပြည်တော်၊ ဩဂုတ် - ၁၂  

Saturday, August 12, 2023 - 17:15

 

မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သတင်းစာစက္ကူစက်ရုံ(သာပေါင်း) စတင်ဖွင့် လှစ် လည်ပတ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီး များ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် အဆင့်မြင့် တပ်မတော်အရာရှိကြီး များ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများ လိုက်ပါ၍ စက်ရုံနေရာသို့ ရောက်ရှိကြရာ အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) တို့မှ ဝန်ထမ်း များ၊ စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများက လှိုက်လှဲနွေးထွေးစွာ ကြိုဆို နှုတ်ဆက် ကြသည်။

ထို့နောက်  စက်ရုံ အစည်းအဝေးခန်းမတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က သာပေါင်းစက္ကူ စက်ရုံအတွက် ကုန်ကြမ်းရရှိနိုင်မှု၊ လေ့လာဆန်းစစ်ချက်များအရ ဝါးအမျိုးမျိုးမှ ပျော့ ဖတ်ရရှိနိုင်မှုနှင့် စက္ကူပျော့ဖတ်ထုတ်လုပ်နိုင်ရေး စိုက်ပျိုးသင့်သည့် ဝါးများနှင့် သစ်မျိုး များအား ဆန်းစစ်ဆောင်ရွက်ခဲ့မှု၊ ပုဂ္ဂလိက သစ်မာစိုက်ခင်းများမှ စက္ကူပျော့ဖတ်ကုန် ကြမ်းရရှိနိုင်မှု၊ စက်ရုံအတွက် ပျော့ဖတ်ကုန်ကြမ်းရရှိနိုင်ရေး ဝါးနှင့် သစ်မာစိုက်ခင်း တည်ထောင်ရန် မြေနေရာ ခွင့်ပြုပေးထားမှု အခြေအနေများကို လည်းကောင်း။

 စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က သတင်းစာစက္ကူ စက်ရုံ(သာပေါင်း)လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့်ဓာတ်ငွေ့များပို့လွှတ်နိုင်ရေး ကန်ကြီးထောင့်-သာပေါင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ စစ်ဆေးပြုပြင်ခြင်း ဆောင်ရွက်ခဲ့မှုနှင့် ပိုက်လိုင်းအစားထိုး လဲလှယ်ခြင်းများ ဆောင်ရွက်ခဲ့မှု၊ သဘာဝ ဓာတ်ငွေ့ ထိန်းချုပ်ဖြန့်ဖြူးရေးစနစ်များအား အဆင့်မြှင့်တင်ခဲ့မှု၊ စက်ရုံအတွက် ဓာတ်ငွေ့လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများကို လည်းကောင်း။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက အဆင့်မြင့် စက္ကူစက်ရုံ(သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) ဆိုင်ရာ အချက်အလက် များ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းသို့ စက်ရုံလုပ်ငန်းများအား လွှဲပြောင်းပေးအပ် နိုင်ရေး မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့မှုနှင့် လွှဲပြောင်းပေးအပ်ခဲ့မှု၊ စက်ရုံ၌ ဝန်ထမ်း များ တာဝန်ထမ်းဆောင်လျက်ရှိမှု အခြေအနေများနှင့် စက်ရုံပြန်လည်လည်ပတ် နိုင်ခြင်းအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်သည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် မြန်မာ စီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော က အဆင့်မြင့် စက္ကူ စက်ရုံ(သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) တို့အား စက်မှုဝန်ကြီးဌာနမှ မြန်မာစီးပွားရေးကော်ပိုရေးရှင်းသို့ လွှဲပြောင်းရယူဆောင်ရွက်ခဲ့မှု၊ စက်ရုံအတွက် လို အပ်သည့် ဝါးနှင့် သစ်မာစိုက်ခင်းများ လိုအပ်လျက်ရှိမှုနှင့် စိုက်ပျိုးထားရှိမှု၊ သတင်းစာ စက္ကူစက်ရုံ(သာပေါင်း) ပြန်လည် လည်ပတ်နိုင်ရေး စက်ပစ္စည်းများ လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ခဲ့မှုနှင့် စက်ကိရိယာများ တပ်ဆင်ထားရှိမှု၊ မူလစက်တပ်ဆင်သည့် ကုမ္ပဏီမှ ပညာရှင်များဖြင့် စက်ကိရိယာများအားလုံး နေရာတကျဖြစ်စေရေး ဆောင် ရွက်ခဲ့မှု များကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

          ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်အမှာစကားပြောကြားရာ၌ ယနေ့သည် နိုင်ငံ၏ စက္ကူလိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) ကို ပြန် လည်လည်ပတ်နိုင်ခဲ့သည့် နေ့ဖြစ်၍ ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် နေ့ ဖြစ်ပါကြောင်း၊ အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း)တို့အနေဖြင့် ယခင်ကလုပ်ငန်း လည်ပတ်ခဲ့ပြီးဖြစ်သည့် စက်ရုံများဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းလည်ပတ်မှုများ ရပ်တန့်ခဲ့ရကြောင်း၊ နေ့စဉ် အသုံးပြုနေရသည့် ရုံးသုံး၊ ကျောင်းသုံး၊ သတင်းစာ စသည့်စက္ကူလိုအပ်ချက်များစွာကို နှစ်စဉ် ပြည်ပမှတင်သွင်းအသုံးပြုနေရသည့်အတွက် နိုင်ငံခြားငွေများစွာ သုံးစွဲကုန် ကျရလျက်ရှိကြောင်း၊ ယခင်က စစ်တောင်းစက္ကူစက်ရုံ၊ ရေနီစက္ကူစက်ရုံနှင့် သာပေါင်း စက္ကူစက်ရုံတို့ကို ဆောင်ရွက်ခဲ့ပြီး စစ်တောင်းစက္ကူစက်ရုံမှာ သက်တမ်းကြာမြင့်ပြီ ဖြစ်သဖြင့် ဖျက်သိမ်းပြီးဖြစ်ကြောင်း၊ ယခုစက်ရုံစုသည်  စွမ်းအားပြည့်လည်ပတ် နိုင်ပါက သတင်းစာစက္ကူအပြင် အခြားစက္ကူအမျိုးအစားများကိုလည်း ထုတ်လုပ်နိုင် ကြောင်း၊ ခေတ်ကာလ၏အခြေအနေအရ Online မီဒီယာအသုံး ပြုမှုပိုမိုများပြား လာပြီး Printed မီဒီယာပိုင်း အားနည်းချက်ရှိလာသည်ကို တွေ့ရှိရ ကြောင်း၊ သတင်းစာစက္ကူလိုအပ်ချက်များမှာ ယခင်ကထက်လျော့နည်းလာသည်ကို တွေ့ရှိရ သော် လည်း နေ့စဉ်ထုတ်သတင်းစာများသည် သမိုင်းကို ဖော်ပြနေခြင်းဖြစ် သဖြင့် နိုင်ငံတိုင်းတွင် သတင်းစာများကို နေ့စဉ်ရိုက်နှိပ်ထုတ်ဝေနေရဆဲဖြစ်ပြီး သတင်းစာ စက္ကူ လိုအပ်ချက်သည်လည်း အမြဲမပြတ် ရှိနေမည်ဖြစ်ကြောင်း။

သတင်းစာစက္ကူစက်ရုံ(သာပေါင်း) အနေဖြင့် သစ်၊ ဝါး ကုန်ကြမ်းများစွာလိုအပ် မည်ဖြစ်သဖြင့် စဉ်ဆက်မပြတ်ရရှိရေး ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ကြမ်းများ ရယူ ရာတွင် စက်ရုံအနီးဝန်းကျင်မှ ရရှိရန်လိုပြီး အဝေးမှ သယ်ယူရမည်ဆိုပါက သယ်ယူ ပို့ဆောင်မှုကုန်ကျစရိတ်များ များပြားမည်ဖြစ်သဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်သည် လည်း မြင့်မားလာမည်ဖြစ်ကြောင်း၊ စီးပွားရေးအရ တွက်ချေကိုက်သည့် သစ်တော စိုက်ခင်း၊ ဝါးစိုက်ခင်းများ ရရှိရန်လိုကြောင်း၊ သွင်းအားစုများအနက် အဓိက လိုအပ် ချက်ဖြစ်သည့် သဘာဝဓာတ်ငွေ့ စဉ်ဆက်မပြတ်ရရှိရေးအတွက်လည်း စွမ်းအင်ဝန်ကြီး ဌာန အနေဖြင့် ကြိုးပမ်း ဆောင်ရွက်ပေးရန်လိုကြောင်း။

စက်ရုံရပ်နားထားသည့် အချိန်အတွင်း လာရောက်ကြည့်ရှုစစ်ဆေးစဉ် ယခင်က ထုတ်လုပ်ခဲ့သည့် သတင်းစာစက္ကူများကို ကြည့်ရှုစစ်ဆေးခဲ့ရာ အရည်အသွေးများစွာ ကောင်းမွန်မှုရှိသည်ကို တွေ့ရှိရကြောင်း၊ သတင်းစာထုတ်လုပ်ခြင်း၌သာမက ကျောင်း သုံးစာအုပ်များ ရိုက်နှိပ်မှုများအတွက်လည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ စက္ကူလိုအပ်ချက်ကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံခြားငွေ သုံးစွဲနေရမှုကို များစွာလျော့နည်းသွားစေမည်ဖြစ်ကြောင်း၊ အလားတူ အခြား သွင်းကုန် ပစ္စည်းများဖြစ်သည့် ရာဘာထုတ်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပသွင်းကုန်များကို အစား ထိုးနိုင်မည်ဖြစ်ကြောင်း၊

ထို့ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ မြှင့်တင်နိုင်ရေးအတွက် အကြောင်း အမျိုးမျိုးကြောင့် ရပ်တန့်ထားရသည့် စက်ရုံ၊ အလုပ်ရုံများ ပြည်လည် လည်ပတ်နိုင် ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခုစက်ရုံမှ စက္ကူ ထုတ်လုပ်မှုများဆက်လက် တိုးတက်စေရေးကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

          ထို့နောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းအဖြစ် သဘာဝဓာတ်ငွေ့ပို့လွှတ်မှု Gas Station ဖွင့်ပွဲကို သာပေါင်း သဘာဝဓာတ်ငွေ့ထိန်းသိမ်းဖြန့်ဖြူးရေးစခန်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ဓာတ်ငွေ့ပိုက်လိုင်းဘားကို လှည့်၍ သဘာဝဓာတ်ငွေ့ပို့လွှတ်မှု Gas Station ကို ဖွင့် လှစ်ပေးသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သဘာဝဓာတ်ငွေ့ထိန်းသိမ်း ဖြန့်ဖြူးရေးစခန်း အတွင်း လှည့်လည်၍ Filtration System၊ Pressure Regulation System၊ Metering System တို့ဖြင့် ထိန်းသိမ်းဖြန့်ဖြူးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

          ယင်းနောက် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) စတင်လည်ပတ်ခြင်းအခမ်း အနားကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏အကြံပေးပုဂ္ဂိုလ် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သတင်းစာစက္ကူစက်ရုံ (သာပေါင်း) ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး စက်ရုံပြန်လည် လည်ပတ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်  ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ စက်ရုံမှူးက လက်ခံရယူသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

          ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် Chip Preparation Plant ၌ နေရာယူ ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က Chip Preparation Plant အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး သတင်းစာစက္ကူစက်ရုံ (သာပေါင်း) ကို စတင် စက်လည်ပတ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်  စက်ရုံအတွင်း လှည့်လည်၍ Chip Preparation Plant၊ Paper Making Plant ၊ Finishing Section တို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် သတင်းစာစက္ကူစက်ရုံ (သာပေါင်း)မှ ပထမဦးဆုံး ထွက်ရှိလာသည့် သတင်းစာစက္ကူပေါ်၌ မှတ်တမ်းတင် လက်မှတ်ရေးထိုး ကြသည်။

          ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က သတင်းစာစက္ကူစက်ရုံ(သာပေါင်း) ပြန်လည်လည်ပတ်နိုင်ရေးတွင် ပါဝင်ခဲ့ကြသည့် ပြည်ပနည်းပညာရှင်များအား ဂုဏ်ပြုသစ်သီးခြင်းလက်ဆောင်ကို ပေးအပ်သည်။

          ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)အတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် စက်ရုံပြန်လည် လည်ပတ်နိုင်ရေး လိုအပ် သည်များကို လမ်းညွှန်မှာကြားသည်။

          ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း) တို့မှ ဝန်ထမ်းများနှင့်အတူ နေ့လည်စာကို အတူတကွ သုံးဆောင်ကြပြီး နေ့လည်စာမသုံးဆောင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ယခုစက်ရုံသည် နိုင်ငံတော်အတွက် အရေးကြီးသည့် စက်ရုံတစ်ခုဖြစ် ပါကြောင်း၊ ယခင်က အကြောင်းအမျိုးမျိုးကြောင့် ရပ်နားခဲ့ရပြီး ယခုအချိန်တိုအတွင်း လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ခြင်းသည် မူလဝန်ထမ်းများ၏ ထိန်းသိမ်းထားရှိမှု အရည်အချင်းကောင်းများကြောင့်ပင်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် အကျိုးရှိသည့် လုပ်ငန်းလည်ပတ်မှုဖြစ်ပြီး များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်သဖြင့် ယခုကဲ့သို့ ပြန်လည်ပြုပြင်မှုအနည်းဆုံးဖြစ်အောင် ထိန်းသိမ်းထားရှိမှုများကို ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း။

          “ စာအုပ် စာပေ လူ့မိတ်ဆွေ” ဆိုသည့် ဆိုရိုးစကားနှင့်အညီ စာပေသည် လူ့ဘဝ တိုးတက်ရေးအတွက် အရေးကြီးသည် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ စာပေ များကို ဖတ်ရှုနိုင်ရေးအတွက် စာများပုံနှိပ်ထုတ်ဝေရန် စက္ကူများသည် မဖြစ်မနေလို အပ်ကြောင်း၊ မိမိတို့နိုင်ငံ၌ စက္ကူထုတ်လုပ်နိုင်သည့် ကုန်ကြမ်းပစ္စည်းများစွာရှိပြီး ဖြစ်သည့်အတွက် စက္ကူထုတ်လုပ်ခြင်းကို ဆောင်ရွက်နိုင်ရေးယခုစက်ရုံကိုပြန်လည် လည်ပတ်နိုင်ရန်ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

          အလားတူ နိုင်ငံတစ်ခုတိုးတက်ရေးအတွက် စက်မှုကဏ္ဍသည် အလွန်အရေး ပါကြောင်း၊ “ စက်မှုစွမ်အား ခေတ်ကျော်လွှား” ဆိုသည့်အတိုင်း စက်မှုကဏ္ဍတိုးတက် မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုကို တည်ဆောက် နိုင်မည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုများကို ထုတ်လုပ်၍ ပြည်တွင်းအတွက်လိုအပ် သည့်ပစ္စည်းများကို ထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်ပသွင်းကုန်များကို လျှော့ချနိုင် သဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများ များစွာလျော့နည်း လာမည်ဖြစ်ကြောင်း၊ နိုင်ငံတွင် ရှိပြီးဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြု၍ ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်သဖြင့် အခြားစက်ရုံ၊ အလုပ်ရုံများ လည်ပတ်နိုင်ရေးအတွက်လည်း မိမိတို့အနေဖြင့် ကြိုးပမ်း ဆောင်ရွက် လျက်ရှိကြောင်း၊ စက်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက် ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ယခု သတင်းစာစက္ကူစက်ရုံ(သာပေါင်း)ကို ပြန်လည် လည်ပတ်နိုင်ခြင်းသည် နိုင်ငံ၏ စက်မှု ကဏ္ဍကို အသစ်တဖန်ဆန်းသစ်နိုင်ခဲ့ခြင်းပင် ဖြစ်ကြောင်း၊ ထို့ကြောင့်စက်ရုံတွင် တာဝန် ထမ်းဆောင်လျက်ရှိသည် ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်၍ တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

နေ့လယ်စာသုံးဆောင်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စက်ရုံဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

အဆိုပါ သတင်းစာစက္ကူစက်ရုံ(သာပေါင်း)ကို အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားခဲ့ရပြီး ယခုအခါ ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်၍ စက္ကူများ ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် နိုင်ငံတော်အတွက်လိုအပ်သည့် စက္ကူလိုအပ်ချက်များကို များစွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံခြားငွေ သုံးစွဲမှုများကို လျှော့ချနိုင် မည်ဖြစ်သကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်းများစွာကိုလည်း ပြန်လည်ဖော်ဆောင် ပေးနိုင်မည်ဖြစ်ကြောင်းသတင်းရရှိသည်။