မိုးသည်းထန်စွာရွာသွန်းပြီး ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် ပဲခူးမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ရေဘေးသင့်ပြည်သူများအား ကူညီရွေ့ပြောင်း၊ စားသောက်ဖွယ်ရာများ နှင့် ထောက်ပံ့ငွေများပေးအပ် နေပြည်တော်၊ ၂၀၂၃  ဩဂုတ် - ၁၀

Thursday, August 10, 2023 - 17:00

          ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၌ ဩဂုတ် ၈ ရက်နှင့် ၉ ရက်တို့တွင် မိုးသည်း ထန်စွာရွာသွန်းပြီး မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ရာ ယနေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကွပ်ကဲမှုအောက်ရှိ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များက ရေဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွေ့ပြောင်းကူညီပေးပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

          ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ပဲခူးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး ရေဘေးသင့်ပြည်သူများအား ထမင်းဗူးများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။