မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိ

Sunday, May 9, 2021 - 04:00

 

နေပြည်တော်၊ မေ ၈

            လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား  ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိရေးဆောင်ရွက်လျက်ရှိသည်။

            ထိုသို့ဆောင်ရွက်လျက်ရှိရာ မေလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ အောင်သာရပ်ကွက်နှင့် ရိုးကြီးရပ်ကွက်ကြားရှိ ဝါးရုံတောအတွင်းမှ ဆာလာအိတ်ဖြင့် အုပ်ထားသော ၁၀၇ မမ ရှော့တိုက်ဒုံး ၁ လုံး၊ ဆိုင်ကယ်ဘက်ထရီအိုး ၁ လုံး၊ ဖြူး(စ်)  ၁ ခုနှင့် ​ဂေါ်ပြား ၁ ချောင်းတို့အားလည်းကောင်း၊ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၊ အင်းစိန်ဆေးရုံကြီး၏ အနောက်ဘက် ခြံစည်းရိုးအနီးရှိ ဖော့ပုံးအတွင်းမှ M-31 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၅.၅၆ ကျည် ၅၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း၁ လုံးနှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း၊ ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် ခရမ်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ ဝေဖြိုးအောင်(၃၈)နှစ်၏ နေအိမ်၌ ဝေဖြိုးအောင်အား တွေ့ရှိထိန်းသိမ်းပြီး နေအိမ်အတွင်းမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်လုပ်ဂတ်စ်သေနတ် ၁ လက်နှင့် သံဘောစေ့ ၈ လုံးအား တို့အား လည်းကောင်း အသီးသီး သိမ်းဆည်းရမိခဲ့သည်။

            အလားတူ ယနေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နေ ဦးကျော်မင်း (၄၁)နှစ် (ဘ) ဦးအောင်တိုး ပိုင်ဆိုင်သော ပြင်ဦးလွင်မြို့နယ်၊ ပြစ်စာကျေးရွာ၊ ခြံဝင်းအတွင်းရှိ အလုပ်သမားတန်းလျား၌ ပြုံးခိုင် (၄၅)နှစ် (ဘ) ဦးတင်ရေး ပါ အမျိုးသား ၂ ဦးအား လက်လုပ်ဂက်စ်သေနတ် ၃ လက်၊ သေနတ်ကိုယ်ထည် ၁ ခု၊ သံပိုက် ၂ ခုနှင့် ဂက်စ်ဘူး ၇ ဘူးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

          အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များ သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူအား ဥပဒေနှင့်အညီ ဖော်ထုတ် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။