နေပြည်တော်၊ မေ ၈
တပ်မတော်အနေဖြင့် နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်း များကို နိုင်ငံအဝန်းတွင်ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလား တောင့်တလျက်ရှိသော ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် လက်ရှိအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး
သဘောတူ စာချုပ် NCA လမ်းကြောင်းအား ဆက်လက်လျှောက်လှမ်းနိုင်ရန် လက်မှတ်ရေးထိုးပြီး ဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးကို ခိုင်မာအောင် ဆက်လက် ဆွေးနွေးခြင်း၊ လက်မှတ်မရေးထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များအား လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက် ဆွေးနွေးနိုင်ရေးတို့ကို အစဉ်တစ်စိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိစဥ် မတ်လ ၂၄ ရက်နေ့တွင် KIA အဖွဲ့ဦးဆောင်သည့် တပ်ပေါင်းစုများက ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၏ အရှေ့ တောင်ဘက် မီတာ ၁၀၀၀၀ ခန့်၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်မှ မီတာ ၃၀၀၀ ခန့် အကွာရှိ အာလောဘွမ် တပ်မတော်လုံခြုံရေး စခန်းအား လက်နက်ကြီးများ အသုံးပြု၍ အင်အားအလုံးအရင်းဖြင့် အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။
ဧပြီလ ၁၁ ရက်နေ့တွင်လည်း တပ်မတော်မှ နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင် လျက်ရှိသည့် နွယ်လန်းရွာ၏ အရှေ့မြောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာရှိ ဗျူဟာ လမ်းဆုံစခန်းကုန်းနှင့် မြို့သစ်ရွာ၏ အရှေ့မြောက်ဘက်မီတာ ၃၀၀၀ ခန့်အကွာရှိ မိုက်ခရိုဝေ့စခန်းကုန်းအား သာလွန်အင်အားများစွာဖြင့် အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်မောင်းထုတ်ခဲ့ရ သည်။ တစ်ချိန်တည်းတွင် မြို့သစ်ရွာ၏ တောင်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့ကို ဆက်သွယ်ထားသော လမ်းကြောင်းပေါ်ရှိ တာပိန်မြစ်ကူးကြိုးတံတားအား ဖောက်ခွဲဖျက်ဆီး၍ လမ်းပန်းဆက်သွယ်မှု ပြတ်တောက် စေရန် ကြိုးပမ်းလာခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖောက်ခွဲဖျက်ဆီးမှုများ မပြုလုပ်နိုင်ရေး တားဆီးခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
အလားတူ KIA အဖွဲ့အနေဖြင့် ဧပြီ ၁၇ ရက်နေ့မှစ၍ မေလ ၇ ရက်နေ့အထိ မြို့သစ်ရွာ တစ်ဝိုက်ရှိ နယ်မြေခံတပ်ရင်းဌာနချုပ်များအား ၁၀၇ မမ ရှော့တိုက်ဒုံးနှင့် လက်နက်ကြီးများ အသုံးပြု၍ နှောင့်ယှက်ပစ်ခတ်မှု ၂၉ ကြိမ်၊ တိုက်ခိုက် သိမ်းပိုက်ရန်ကြိုးပမ်းမှု ၆ ကြိမ် ပြုလုပ်လာခဲ့သဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ရသည်။
၎င်းနောက် KIA အဖွဲ့ဦးဆောင်သည့် တပ်ပေါင်းစုများသည် ဧပြီ ၂၃ ရက်နေ့တွင် မြို့သစ်မိုက်ခရိုဝေ့စခန်းကုန်းအား ယခင်ထက်သာလွန်သည့် အင်အားများစွာဖြင့် လက်နက်ကြီးများကို အသုံးပြု၍ ထပ်မံလာရောက်တိုက်ခိုက်လာခဲ့သဖြင့် စခန်းကုန်း အား ယာယီစွန့်ခွာ၍ ပြန်လည်စုဖွဲ့ခဲ့ရသည်။
KIA အဖွဲ့ဦးဆောင်သည့် တပ်ပေါင်းစုများအနေဖြင့် မြစ်ကြီးနား-ဗန်းမော် ဆက်သွယ်ရေးလမ်းကြောင်းအား ဖြတ်တောက်ထိန်းချုပ်နိုင်ရေး ခြိမ်းခြောက်မှုအဖြစ် တပ်မတော်မှ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် အာလောဘွမ်၊ ဗျူဟာလမ်းဆုံ၊ မြို့သစ်မိုက်ခရိုဝေ့စခန်း၊ တာပိန်မြစ်ကူးကြိုးတံတားနှင့် မြို့သစ်အနီးတစ်ဝိုက်ရှိ တပ်ရင်း ဌာနချုပ်များအား ရည်ရွယ်ချက်ရှိရှိဖြင့် တပ်ပေါင်းစုအင်အားများ စုဖွဲ့၍ ၈၂ မမ၊ ၅၇ မမ၊ ၆၀ မမ နှင့် ၁၀၇ မမ ရှော့တိုက်ဒုံးများ အပါအဝင် လက်နက်ကြီးများ အများအပြား အသုံးပြုကာ တိုက်ခိုက်လာခဲ့သော်လည်း တပ်မတော်သားများ၏ ရဲဝံ့စွာ ပြန်လည် တုန့်ပြန်တိုက်ခိုက်မှုကြောင့် ဗျူဟာလမ်းဆုံ၊ တာပိန်မြစ်ကူးကြိုးတံတားနှင့် မြို့သစ်အနီး တစ်ဝိုက်ရှိ တပ်ရင်းဌာနချုပ်များကို သိမ်းပိုက်နိုင်ခြင်းမရှိဘဲ အကျအဆုံး များစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ရသည်။
တပ်မတော်အနေဖြင့် မြို့သစ်မိုက်ခရိုဝေ့စခန်းကုန်းအား ပြန်လည်သိမ်းပိုက်ရရှိ နိုင်ရေးအတွက် ကျားကုတ်ကျားခဲဖြင့် သက်စွန့်ကြိုးပမ်းတိုက်ခိုက်ခဲ့ရာ အနီးကပ် လုံးထွေးတိုက်ခိုက်ရသည်အထိ ပြင်းထန်တိုက်ပွဲ ၂၄ ကြိမ် ဖြစ်ပွားခဲ့ပြီး မေလ ၇ ရက် နေ့လယ်ပိုင်းတွင် မြို့သစ်မိုက်ခရိုဝေ့ စခန်းကုန်းအား ပြန်လည်သိမ်းပိုက်ရရှိခဲ့ကာ သောင်းကျန်းသူများ အနေဖြင့် အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်ရှိ နှစ်နိုင်ငံ နယ်စပ် နယ်နိမိတ်ဘက်သို့ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်များတွင် တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ တိုင်းပြည်အတွက် အသက် စွန့်လွှတ်ခဲ့ရပြီး အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။ မြို့သစ်မိုက်ခရိုဝေ့စခန်းကုန်းအား ပြန်လည် သိမ်းပိုက်တိုက်ခိုက်ရာတွင် စခန်းကုန်း ပတ်ဝန်းကျင်တစ်ဝိုက်အား နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ဆဲ လက်ရှိအချိန်ထိ အခြားသတင်းများ အပါအဝင် မြေပြင်စစ်ဆေးချက်များအရ KIA အဖွဲ့ဦးဆောင်သည့် တပ်ပေါင်းစုများဘက်မှ တပ်မဟာ မှူးအဆင့်ရှိသူနှစ်ဦး အပါအဝင် အကျအဆုံးမှုများစွာ ရှိခဲ့ကြောင်း သိရှိရပြီး အလောင်း အချို့နှင့် လက်နက်မျိုးစုံ ၃၅ လက်အပါအဝင် ခဲယမ်း၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ကာ အလောင်းများအား ကောင်းမွန်စွာ သင်္ဂြုလ်ပေးခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍လည်း နယ်စပ်တစ်လျှောက်လုံခြုံရေးအတွက် စီမံဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။
တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ၂၀၁၈ ဒီဇင်ဘာလ ၂၁ ရက်မှ စတင်၍ နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ထုတ်ပြန်ချက် များ ထုတ်ပြန်၍ ရပ်ဆိုင်းပေးထားလျက်ရှိပြီး ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးမှု များ ဆောင်ရွက်နိုင်ရေး လမ်းဖွင့်ပေးထားပြီးဖြစ်သည်။ သို့သော်လည်း KIA အဖွဲ့ အနေဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခြင်းမရှိသည့်အပြင် ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ပျက်စီးစေခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေခြင်း၊ အများပြည်သူသွားလာ အသုံးပြုလျက် ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းနှင့် တံတားများအား မိုင်းထောင်ခြင်း၊ ဖောက်ခွဲ ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်ဆောင်ရွက်လာခဲ့သည်ကို တွေ့ရှိရသည်။
သို့ဖြစ်၍ တပ်မတော်အနေဖြင့် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။