တိုင်းဒေသကြီးများနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ဝါဆို သင်္ကန်းများ ဆက်ကပ်လှူဒါန်း နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၃၁

Monday, July 31, 2023 - 15:15

                 တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ ဘုရား၊ စေတီ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများ၊ ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ရေး၊ တရားဘာဝနာများအားထုတ်နိုင်ရေးနှင့် မြို့/ ရွာများ သန့်ရှင်းသာယာ လှပရေးတို့ အတွက် တိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများနှင့် မိသားစု ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

          ထိုသို့‌ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မြို့နယ်(၈)မြို့နယ်တို့၌လည်းကောင်း၊  ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ မြို့နယ်(၃)မြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ မြို့နယ်(၈)မြို့နယ်တို့၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆) မြို့နယ်တို့၌လည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ လည်းကောင်း ဘုရား စေတီ ပုထိုးဝန်းကျင်နှင့် ဘုန်းတော်ကြီးကျောင်းဝန်း အတွင်း/ အပြင်တို့၌ ချုံနွယ် ပေါင်းမြက် များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းနှင့် ဘုရားရင်ပြင်တော်များအား သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့အပြင် တာဝန်ရှိသူများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်များအား ဖူးမြော်ကြည်ညိုကြပြီး သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဝါဆိုသင်္ကန်းများ၊ လှူဖွယ် ပစ္စည်းများနှင့် နေ့ဆွမ်းများ  အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။