နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များအား တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ အနားယူ အပန်းဖြေ ခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေနှင့် ရခိုင်ပြည်နယ်၊ ငပလီ ကမ်းခြေများသို့ တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ဇူလိုင် ၂၄ ရက်နေ့တွင် ပို့ဆောင်ပေးခဲ့သည်။
ထိုသို့ အနားယူအပန်းဖြေခရီးစဉ်သွားရောက်ခဲ့သည့် အဖွဲ့များမှ ဧရာဝတီတိုင်း ဒေသကြီး၊ ချောင်းသာကမ်းခြေသို့ သွားရောက်ခဲ့သည့် အဖွဲ့သည် ကမ်းခြေလမ်းလျှောက် ခြင်းနှင့် ကိုယ်လက်ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ သဲသောင်ပြင်တွင် ဘောလုံး၊ ဘော်လီဘော်နှင့် ခြင်းလုံး အားကစားများ ဆောင်ရွက်ခြင်း၊ အနားယူအပန်းဖြေ ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပုသိမ်မြို့ရှိ ဆုတောင်းပြည့်ဇမ္ဗူပတိရုပ်ပွားတော်၊ တဂေါင်းမင်္ဂလာမဟာစေတီတော်မြတ်ကြီး၊ ချောင်းသာမြို့၊ စကားဝါတောင်ပေါ်ရှိ ဒီပါ အေးမြမဟာနဂါးရုံဘုရားနှင့် အန္တဇိနလောကမာရ်အောင် စေတီတော်မြတ်ကြီး တို့အား ဖူးမြော်ကြည်ညိုခြင်း၊ ချောင်းသာမြို့၊ စကားဝါတောင်မိုးကုတ်ဝိပဿနာရိပ်သာကျောင်း တိုက်ရှိ၊ ဓမ္မဗိမာန်တော်ကြီး၌ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခြင်း၊ ချောင်သာမြို့၊ ရွှေသာယာမြို့မဈေး၊ ရွှေသောင်ယံမြို့၊ Sea & Lake ရှိ ကျောက်စိမ်းပြတိုက်၊ သစ်ပန်းပု ပြတိုက်၊ ဒီရေတောတံတား၊ ပုသိမ်မြို့ရှိ ရွှေမြင်းပျံ ပုသိမ်ဟာလဝါလုပ်ငန်း စသည့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အလားတူ ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေသို့ သွားရောက်ခဲ့သည့် အဖွဲ့သည် ကမ်းခြေ၌ လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက် ခြင်း၊ သဲသောင်ပြင်တွင် ဘောလုံး၊ ဘော်လီဘော်နှင့် ခြင်းလုံး အားကစားများ ဆောင်ရွက်ခြင်း၊ နားယူအပန်းဖြေခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သံတွဲမြို့ရှိ ရွှေဆံတော်ဘုရား၊ မဒေးတောင်ဘုရား၊ ရွှေအံတော်ဘုရား၊ ရွှေနံတော်ဘုရားများသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ငပလီမြို့မဈေး၊ ပုလဲကျွန်း၊ မြပတ္တမြားဥယျာဉ် များစသည် အထင်ကရနေရာများသို့ သွားရောက်လေ့လာခဲ့ကြသည်။
ထိုကဲ့သို့ ဇူလိုင် ၂၄ ရက်မှ ယနေ့အထိ ၆ ရက်ကြာ အနားယူအပန်းဖြေ ခရီးစဉ် သွားရောက်ခဲ့သည့်အဖွဲ့များသည် ယနေ့တွင် စုရပ်နေရာများဖြစ်သည့် နေပြည်တော် ကောင်စီနယ်မြေနှင့် ရန်ကုန်တိုင်းဒေသကြီးတို့သို့ ပြန်လည်ရောက်ရှိကြရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
အဆိုပါ အနားယူအပန်းဖြေခရီးစဉ်သွားရောက်ခဲ့သည့် အရာရှိ၊ စစ်သည်များ အား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများ၊ တာဝန်ရှိသူများက လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ ဒေသအသီးသီးရှိ တန်ခိုးကြီး ဘုရားစေတီ များ၊ အထင်ကရနေရာများ၏ ဗဟုသုတဖြစ်ဖွယ်ရာအကြောင်းအရာများနှင့် ပတ်သက် ၍ လိုက်လံရှင်းလင်းပြသခြင်းများကို ဆောင်ရွက်ပေးခဲ့ရာ အရာရှိ၊ စစ်သည်များ အနေဖြင့် စိတ်လက်ပေါ့ပါးစွာဖြင့် ဒေသန္တရဗဟုသုတများကို လေ့လာခဲ့ကြပြီး ၎င်းတို့ အတွက် လွန်စွာအကျိုးရှိခဲ့သည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့ကြောင်းနှင့် ယခုကဲ့သို့ အပန်းဖြေ ခရီးစဉ် သွားရောက်နိုင်ရေး စီစဉ်ပေးခဲ့သည့် တပ်မတော်အကြီးအကဲများကိုလည်း ကျေးဇူး အထူးတင်ရှိကာ စိတ်ဓာတ်ခွန်အားများ ပိုမိုရရှိခဲ့ကြောင်း သတင်းရရှိသည်။