ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာတို့အကြား သတင်းမီဒီယာကျင့်ဝတ်ကို အခြေခံ၍ အပြန်အလှန် လေးစားမှုရှိသော ဆက်ဆံမှုတည်ဆောက်ရေးနှင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရေး၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကဏ္ဍဖွံဖြိုးတိုးတက်ရေး၊ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့် ပိုမိုရရှိရေးနှင့် မဏ္ဍိုင်(၄)ရပ်တို့ ဆက်ဆံရေးပိုမိုကောင်းမွန်ရေး၊ ရှေ့ဆက်လက်ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ အကြံဉာဏ်ကောင်းများကို ဖော်ဆောင်နိုင် ရေး၊ သတင်းအချက်အလက် ရယူခွင့်နှင့်ပတ်သက်၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင် ရေး တို့ကို ရည်ရွယ်၍ မဏ္ဍိုင်(၄)ရပ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် မန်းငြိမ်းမောင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးအောင်နိုင်ဦးနှင့် ဒေါက်တာ မျိုးသိန်းကျော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အကြံပေး အဖွဲ့ဝင်များ၊ ဒုတိယ ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီး အကဲများ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင် ၃ ရပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာ့မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ရုပ်မြင်သံကြားနှင့် အသံလွှင့်လုပ်ငန်းများကြီးကြပ်မှုအဖွဲ့၊ မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေသူများ အသင်းတို့မှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏ အခန်းကဏ္ဍ မှတ်တမ်းဗီဒီယိုနှင့် မိုခါမုန်တိုင်း အန္တရာယ်ရင်ဆိုင်ကျော်လွှားမှုနှင့် စုပေါင်းမှု၏ရလဒ် မှတ်တမ်းဗီဒီယိုတို့ကို ပြသသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက စတုတ္ထ မဏ္ဍိုင်ဟုခေါ်သည့် မီဒီယာများအနေဖြင့် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဆိုသည့် အဓိကမဏ္ဍိုင် (၃) ရပ်ကို တည့်မတ်အောင် တစ်ဖက်တစ်လမ်းမှ ထိန်းကျောင်းပေးရသည့် တာဝန်ကို ပြည်သူတို့ကိုယ်စား ထမ်းဆောင်နေရသည့်အတွက် သတင်းအချက်အလက်ရပိုင်ခွင့် နှင့်ပတ်သက်၍ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
မီဒီယာများမှ ဖော်ပြချက်များသည် မိမိတို့တိုင်းပြည် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်းလုံးညီညွတ်မှုများကို များစွာသက်ရောက်မှုရှိသည့်အတွက် စည်းလုံးညီညွတ်မှုကို တည်ဆောက်ပေးသည့် မီဒီယာများဖြစ်ရန်လိုအပ်ပါကြောင်း။
မည်သည့် နိုင်ငံရေးစနစ်ကို ကျင့်သုံးသည်ဖြစ်စေ အစိုးရ၊ ပြည်သူနှင့် အဖွဲ့အစည်း အားလုံး စည်းလုံးညီညွတ်ရန်လိုအပ်ပြီး အဆိုပါအင်အားများ ခိုင်မာအောင် ဆောင်ရွက်ရာတွင် မီဒီယာများက ပိုမိုအလေးပေးဆောင်ရွက်သင့်ပါကြောင်း။
မဏ္ဍိုင်တစ်ခုချင်းစီ၏ လုပ်ငန်းသဘောသဘာဝတို့ကို အချင်းချင်းအပြန်အလှန် အသိအမှတ်ပြုလက်ခံပြီး ပူးပေါင်းညှိနှိုင်းခြင်းဖြင့် ပွင့်လင်းမြင်သာမှု ရရှိစေမည် ဖြစ်သကဲ့သို့ အရည်အချင်းပြည့်ဝသည့် မီဒီယာသမားကောင်းများ ဖြစ်လာစေရန်၊ ပြည်သူများ မှန်ကန်သော သတင်းအချက်အလက် သိရှိပိုင်ခွင့် ရရှိရေးဆောင်ရွက်ရန်မှာ ကဏ္ဍပေါင်းစုံမှ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာ မဏ္ဍိုင်အသီးသီးက အများအတွက်၊ နိုင်ငံအတွက်ဟုခံယူပြီး အကြံပြုချက်များကို ပွင့်ပွင့် လင်းလင်း ဆွေးနွေး ကြစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) က မိမိနိုင်ငံကို ချစ်မြတ်နိုးရန်နှင့် စောင့်ရှောက်ရန်မှာ နိုင်ငံသားတိုင်း၏ မွေးရာပါတာဝန်ဟုခံယူပြီး သတင်းမီဒီယာသမားများကလည်း တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အပြုသဘောဆောင်သည့် ဝေဖန်ချက်၊ သုံးသပ်ချက်များဖြင့် ထောက်ပြသည်ကို ကျန်သည့် မဏ္ဍိုင်များက လေးလေးစားစား တုံ့ပြန်ပြီး ပြုပြင်သင့်သည်ကို ပြုပြင်၊ ဆောင်ရွက်သင့်သည်ကို ဆောင်ရွက်ရန် ခံယူပြီး လက်ခံ ကျင့်သုံးသင့်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရာ မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကိုကို (ကိုကို - စက်မှုတက္ကသိုလ်)က ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။
ဆွေးနွေးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်ဒွဲဘူက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်(၃)ရပ်နှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာတို့ အပြန်အလှန်ဆက်စပ်မှုသည် တိုင်းပြည်၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုနှင့် တိုင်းပြည်၏ ဖြစ်ပေါ်နေသည့် အခြေအနေများအတွက် အရေးကြီးပါကြောင်း၊ မဏ္ဍိုင်(၃)ရပ်၏ လုပ်ငန်းစဉ်သဘော သဘာဝကို စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာက နားလည်ရန် လိုအပ်သကဲ့သို့ မီဒီယာ၏သဘောသဘာဝကို မဏ္ဍိုင်(၃)ရပ်က သဘောပေါက်မှသာ ချောမွေ့ပြေလည်စွာ လုပ်ငန်းများလုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ပြီးခဲ့သော ဒီမိုကရေစီစတင်သည့် ဆယ်စုနှစ်ကာလများတွင် မီဒီယာကဏ္ဍနှင့် မဏ္ဍိုင်သုံးရပ်၏ ဆက်ဆံမှုသည် ကောင်းမွန်ခဲ့ပြီး ပြည်သူလူထုကလည်း စောင့်ကြည့်သည့် အနေအထား ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲနောက်ပိုင်း တွင် သတင်းအမှန်များ ပျောက်ကွယ်သွားပြီး သတင်းတု၊ သတင်းမှားများ၊ ဖေ့စ်ဘွတ်ပေါ်မှ သတင်းများက ပိုမိုအားကောင်း လာသည်ကို တွေ့ရပါကြောင်း။
ပြည်သူလူထုအကြားဖြစ်ပျက်နေမှုများ၊ သတင်းအမှန်များကို ထုတ်ဖော်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ပြည်သူများကိုယ်တိုင် ၎င်းတို့၏ ပြဿနာရပ်များကို ၎င်းတို့ကိုယ်တိုင် ဆွေးနွေးခွင့်၊ ပြောကြားခွင့်ရရှိလာသည့်အခါ မဏ္ဍိုင်(၃)ရပ်နှင့် မီဒီယာကို ပိုမိုအားကိုး လာမည်ဖြစ်ပါကြောင်း၊ မဏ္ဍိုင်(၃)ရပ်နှင့် မီဒီယာကဏ္ဍ၏ ဆက်စပ်မှုသည် အရေးကြီးသည့် အတွက် ယနေ့ဆွေးနွေးမှုမှ ရလဒ်ကောင်းများရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦးက ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုသည့်ဒေါက်တိုင်ကြီးသုံးရပ်ကို ပံ့ပိုးပေးသည်မှာ မီဒီယာဒေါက်တိုင် ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင်လည်း မီဒီယာကို ဒေါက်တိုင်ကြီးသဖွယ်တင်စားပြီး ဒေါက်တိုင်ကြီးလေးခု ဖြစ်လာပါကြောင်း၊ မဏ္ဍိုင်ကြီးလေးခုသည် အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ Freedom of Expression ဆိုသော်လည်း အပြည့်အဝ လွတ်လပ်ခွင့်ပေးခြင်းထက် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံကို ချီတက်နေသည့် နိုင်ငံအတွက် လိုအပ်သည့်နေရာကို သတ်မှတ် ကန့်သတ်ခြင်းလည်း ရှိနိုင်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အနာဂတ်တွင် မီဒီယာနှင့် အစိုးရတို့ ပူးပေါင်း၍ မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် Professional Development Program များကို ဖော်ဆောင်ပေးသင့်ပါကြောင်း၊ မီဒီယာဘက်မှ ဖော်ထုတ်အကြံပြုပြောဆိုလာပါက မိမိတို့အနေဖြင့် လိုက်နာဆောင်ရွက်ရန် ဝန်မလေးပါကြောင်း၊ တိုင်းပြည်အတွက် သတင်းမှန်များ ပြန်လည်နေရာ ရလာပြီး ပြည်သူလူထုတွင် ဖြစ်ပေါ်နေသည့် အမုန်းတရားများ လျော့ပါးလာစေရန် မဏ္ဍိုင်သုံးရပ်နှင့် မီဒီယာတို့ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက များစွာထိရောက်မည်ဟု ယုံကြည်ပါကြောင်း ပြောကြား သည်။
ထို့နောက် ဒုတိယဝန်ကြီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နိုင်ငံသားများ၏ သတင်းသိပိုင်ခွင့်ကို ပိုမိုဖြည့်ဆည်းပေးနိုင်မည့် နည်းလမ်းများကို အကြံပြုဆွေးနွေး တင်ပြကြသည်။
ယင်းနောက် သတင်းမီဒီယာများမှ တာဝန်ရှိသူများက သတင်းသမားမျိုးဆက်မပြတ် စေ ရေးအတွက် သတင်းမီဒီယာဝါသနာပါသူများကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သင်တန်းများဖွင့်လှစ်ပို့ချနိုင်ရေး၊ သတင်းသမားအချို့၏ အရည်အသွေးမပြည့်ဝသည့် သတင်းများ ဖြစ်ပေါ်ရသောအခြေခံအကြောင်းတရားများ၊ သတင်းလုပ်ငန်းဖြင့် သက်မွေးဝမ်းကျောင်း ပြုလိုသူများအား ပံ့ပိုးကူညီပေးနိုင်ရေး၊ သတင်းစီးဆင်းမှု မြန်ဆန်စေရေး၊ လွတ်လပ်စွာသတင်းရယူခွင့်ရရှိရေး၊ တရားမဝင် စလောင်းများ ကိစ္စ၊ အွန်လိုင်းမီဒီယာဆိုင်ရာများ၊ မြန်မာ့မီဒီယာအခြေအနေနှင့် စီးမြောလာသော ဒီဂျစ်တယ် စိန်ခေါ်မှုများ၊ သတင်းတု၊ သတင်းမှားများနှင့် ပတ်သက်၍ အမြန်အတည်ပြု ပြန်ကြားပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် ယနေ့ ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲ၏ ဆွေးနွေးပွဲရလဒ်များကို အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ဖတ်ကြားအတည်ပြုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ပူးပေါင်းပြီး မဏ္ဍိုင်(၄)ရပ် အလုပ်ရုံ ဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ပထမအကြိမ်၊ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ဒုတိယအကြိမ်၊ ၂ဝ၁၉ ခုနှစ် ဧပြီ ၃ဝ ရက်တွင် တတိယအကြိမ်နှင့် ၂၀၂၀ ခုနှစ် ဩဂုတ် ၂၁ ရက်တွင် စတုတ္ထအကြိမ်အဖြစ် ကျင်းပခဲ့ကြောင်းသိရသည်။