ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ရောက်ရှိနေ သော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြင်ဖြူမော်ရပ်ကွက်ရှိ ထိန်းသိမ်းရေးဒီရေတော အနီး၌ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အဖြစ် မိုးရာသီဒီရေတောသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်စိုက်ပျိုးခဲ့ပြီး လေဆိပ်မှ မြို့အဝင်လမ်း လမ်းဘေးဝဲ/ယာတစ်လျှောက်၌ နယ်မြေခံ တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ SME အသေးစား စက်မှုလက်မှုလုပ်ငန်းများဖြစ်သည့် မြို့သစ်ရပ်ကွက်ရှိ မေယုရေသန့်စက်၊ တောင်ရပ်ကွက်ရှိ HappyLife ရေခဲစက်နှင့် NextOne မုန့်လုပ်ငန်းစက်ရုံများသို့ သွားရောက်ကြည့်ရှုလေ့လာပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ပြုလုပ်သည့် မြို့သန့်ရှင်း သာယာလှပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၍ လိုအပ်သည်များ မှာကြားပြီး တက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီး/ရေလာ ကောင်းမွန်ရေး လုပ်ငန်းများဆောင်ရွက် ရန်အတွက် စက်ယန္တရားနှင့် စက်သုံးဆီများ စေတနာအလျှောက် ကူညီလှူဒါန်းခဲ့ကြသူများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။