မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား လက်ဝယ်ထားရှိသူများနှင့်အတူ ဆက်လက်ဖော်ထုတ်ဖမ်းဆီး နေပြည်တော်၊ မေ ၇

Friday, May 7, 2021 - 17:00

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား လက်ဝယ်ထားရှိသူများနှင့်အတူ ဆက်လက်ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ မေ ၇

            လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများအား လက်ဝယ်ထားရှိသူများနှင့် ပို့ဆောင်ပေးသူများအား ဆက်လက် ဖော်ထုတ်ဖမ်းဆီးလျက်ရှိပါသည်။

            ထိုသို့ဆောင်ရွက်ခဲ့

ရာတွင် မေလ ၆ ရက်နေ့ နံနက် ၁ နာရီအချိန်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ဒယ်ပုတ်ကွင်းကျေးရွာနေ နိုင်လွင်(၄၃)နှစ်(ဘ)ဦးမြင့်ရွှေ နှင့် အောင်ဝင်းကို (၂၆)နှစ်(ဘ)ဦးဖုန်းငို တို့အား  လက်လုပ်သေနတ် ၂ လက်၊ ဓား ၆ ချောင်း၊ ရဲဒင်း ၂ လက်၊ ဆူပူ အကြမ်းဖက်ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့် လည်းကောင်း၊ နံနက် ၈ နာရီ ၂၅ မိနစ်အချိန်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ နှီရ်လွန်း ကျေးရွာသစ်နေ ဦးငွန်ဟုပ် အား လေသေနတ် ၁ လက်၊ ဒူးလေး ၂ လက်၊ မြှားတံ ၇ ချောင်း၊ အိန္ဒိယနိုင်ငံထုတ် ၆.၅ mm ကျည် ၂၄ တောင့်၊ ကျည်ခွံ ၄၂ ခု၊ လက်လုပ်မိုင်း ၁၈ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ နံနက် ၁၁ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ မြို့သစ်ရပ်ကွက်၊ ရထားသံလမ်းလေးရှိ သဲချောင်းအတွင်း မှ လက်လုပ်သေနတ် ၂ လက်အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်နေ ချမ်းမင်းဦး(၂၁)နှစ်(ဘ)ဦးသူရကျော်အား ဓားမြောင် ၁ ချောင်းနှင့် လည်း ကောင်း ဖမ်းဆီးရမိခဲ့သည်။

            အလားတူ မေလ ၇ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်နေ အောင်ကျော် (၂၄)နှစ် (ဘ) ဦးကျော်ဝင်းနှင့် ဘွဲဦး(ခ) ညီလေး အပါအဝင် အမျိုးသား ၅ ဦးအား လက်လုပ်သေနတ် ၄ လက်၊ လက်လုပ်ဂက်စ်သေနတ် အတို ၁ လက်၊ လက်လုပ်မီးခိုးမိုင်း ၁ လုံး၊ ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့် လည်းကောင်း၊ နံနက် ၇ နာရီအချိန်တွင် မြိတ်မြို့၊ တောရကျောင်းရပ်ကွက်၊ တောင်သာယာ ရွှေစေတီဘုရားရင်ပြင်တော်ပေါ်ရှိ မဟာမြတ်မုနိစံကျောင်းတော်ဘေးရှိ ဂိုဒေါင်အတွင်း၌ ကော်ဒိုင်း ၆၁ ခု၊ သံဒိုင်း ၄၅ ခု၊ ဒိုင်းကာ ၇ ခု၊ ဖိုက်ဘာဦးထုပ် ၆ လုံးတို့အားလည်းကောင်း  တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

            အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား လက်ဝယ်ထားရှိသူများနှင့် ပို့ဆောင်ပေးသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။