ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ
နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၂၄
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ရောက်ရှိနေ သော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အစိုးရရပ်ကွက်ရှိ လေယာဉ်ကွင်းသွားလမ်းတစ် လျှောက် လမ်းဘေး ဝဲ/ယာ၌ နယ်မြေခံတပ်နယ်မှ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွား ရောက်ကြည့်ရှုအားပေးပြီး အဆိုပါရပ်ကွက်ရှိ ထောင်ပိုင်ကွင်းဧရိယာ၌ မိုးစပါး စနစ်တကျစိုက်ပျိုးနိုင်ရေး ကွင်းသရုပ်ပြပွဲ ဆောင်ရွက်နေမှုနှင့် ကောက်စိုက်စက် ဖြင့် တောင်သူများ စိုက်ပျိုးနိုင်ရေးအတွက် ပျိုးဗန်းများနှင့် ပျိုးထောင်ထားရှိမှုတို့ကို ကြည့်ရှုအားပေးကာ တိုင်းရင်းဆေးလုပ်ငန်းရှင်များမှ ပေးပို့လှူဒါန်းသည့် တိုင်းရင်း ဆေးမျိုးစုံအား ပေးဝေကြသည်။
အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စားသုံးသူရေးရာဦးစီးဌာနရှိ ဂိုဒေါင်သို့သွားရောက်ပြီး ထောက်ပံ့ပစ္စည်းများ စာရင်း ဇယားများနှင့် ကိုက်ညီမှု ရှိ/မရှိ သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ယင်းနောက် ဦးဥတ္တမခန်းမ၌ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ပြီး လေးဘေးသင့် ကျေးရွာအုပ်စု(၄၈)အုပ်စုမှ တာဝန်ရှိသူများအား ဆန်နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ MEC(မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတတ်)မှ ထုတ်လုပ်သည့် ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား ပြည်သူလူထုထံ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနေမှုများကို လိုက်လံကြည့်ရှု အားပေးကြသည်။ ထို့ပြင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မေယု ရတနာခန်းမ၌ အနောက်ရပ်ကွက်နှင့် မြို့မရပ်ကွက်နေ ပြည်သူများအား မြို့သန့်ရှင်းသာယာလှပရေးအသိပညာပေးဟောပြောဆောင်ရွက်ခြင်းနှင့် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေး ဟောပြောနေမှုများကို သွားရောက်ကြည့်ရှုပြီး အားပေးစကားများပြောကြားသည်။
ထို့အတူ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် နေဝင်းအောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရိက္ခာရပ်ကွက်ရှိ ထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်ဘဒ္ဒန္တဇောတိကထံမှ ငါးပါးသီလခံယူပြီး ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းကာ ကျောင်းဝန်းအတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၌ မိဘမဲ့ ကျောင်းသားများအားဗလာစာအုပ်များထောက်ပံ့လှူဒါန်းကြသည်။ ထို့ပြင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ကီမိုခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။