မိုးကောင်းမြို့နယ်နှင့် ဆဒုံးမြို့နယ်အတွင်း KIA အဖွဲ့က အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင် နေပြည်တော်၊ မေ - ၇

Friday, May 7, 2021 - 17:00

မိုးကောင်းမြို့နယ်နှင့် ဆဒုံးမြို့နယ်အတွင်း KIA အဖွဲ့က အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်

နေပြည်တော်၊ မေ - ၇

          ကချင်ပြည်နယ်၊ မိုးညှင်းမြို့ဘက်မှ မိုးကောင်းမြို့ဘက်သို့ ယာဉ်မောင်း ဦးဇော်သန်း(ဘ)ဦးအင်ဘိုးလှ အပါအဝင် ယာဉ်မောင်း ၃ ဦး မောင်းနှင်၍ ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ၂၂ ဘီးယာဉ် ၃ စီးသည် မေ ၆ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် မိုးကောင်းမြို့နယ်၊ ကညင်မြိုင်ကျေးရွာနှင့် တောင်နီကျေးရွာကြား မန္တလေး- မြစ်ကြီးနားသွားကားလမ်းသို့အရောက်၌ KIA အဖွဲ့က ရီမုမိုင်း ၃ လုံးဖြင့် အကြောင်းမဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ယာဉ်မောင်း ဦးဇော်သန်းတွင် လေကာမှန်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ယာဉ် ၂ စီး၏ ရှေ့လေကာမှန်များ၊ အင်ဂျင်၊ ဘီးနှင့် ဆီတိုင်ကီတို့တွင် မိုင်းစထိမှန်ပျက်စီးခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူအား မိုးကောင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။

          အလားတူ ဝိုင်းမော်မြို့၊ ထိန်မင်ငှက်ပျောကုမ္ပဏီမှ ယာဉ်မောင်း ဒွန်စိန်ကျုံး (ဘ)ဦးဒွန်အိုက်ကျုံးနှင့် ဆွတ်ငိုင်ငှက်ပျောကုမ္ပဏီမှ လီကျန်း(ဘ) ဦးလီစင်ကျုံး တို့မောင်းနှင်သည့် ၂၂ ဘီးယာဉ် ၂ စီးသည် ယနေ့နံနက် ၆ နာရီခွဲခန့်တွင် ငှက်ပျောသီး များတင်ဆောင်ရန် ကန်ပိုက်တည်မြို့မှထွက်ခွာလာစဉ် ဆဒုံးမြို့၏ အနောက်ဘက် ၃ မိုင်ခွဲခန့်အကွာသို့ အရောက်၌ KIA အဖွဲ့က လက်နက်ငယ်များ၊ မိုင်းများဖြင့် အကြောင်းမဲ့ဖောက်ခွဲပစ်ခတ်ခဲ့ရာ ယာဉ်မောင်း လီကျန်းမောင်းနှင်သည့်မော်တော် ယာဉ်၏ လေကာမှန်များနှင့် ယာဉ်ကိုယ်ထည်များတွင် လက်နက်ငယ်ကျည်များ ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နယ်မြေများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။