နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့  ဒုတိယနေ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေး နေပြည်တော် ဇူလိုင် ၂၁

Friday, July 21, 2023 - 19:15

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့  ဒုတိယနေ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇူလိုင် ၂၁

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကို  ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပပြုလုပ်သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များ၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊  အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ ဒုတိယဥက္ကဋ္ဌ(၃) စဝ်ဆေပိုင်ဖတို့ ဦးဆောင်သည့်  ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စား လှယ်များ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ၂ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထား များကို ထပ်မံဆွေးနွေးကြပြီး အပြီးသတ်ရရှိလာသည့်  သဘောတူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကိုယ်စား “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားကြပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ကမ္ဘာ့ရေးရာ၊ မြန်မာ့ရေးရာ၊ တိုင်းရင်းသား ရေးရာ စာအုပ်များနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။