မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲမှုပြုလုပ်ရန် လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၁ ဦး ဒဏ်ရာရရှိ
နေပြည်တော်၊ မေ ၇
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲမှု ပြုလုပ်ရန် လက်လုပ်မိုင်း တပ်ဆင် နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မေလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်တွင် ဘီးလင်းမြို့နယ်၊ တောင်စွန်းမြို့၊ ဗိုလ်ချုပ်အောင်ဆန်းရပ်ကွက်၊ မြို့သစ်အတက်လမ်းရှိ ခရီးသည်များ နားနေဆောင်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ နားနေဆောင်ရှေ့ရှိ အမှိုက်ပုံးအတွင်းမှ လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲ၍ ဘီးလင်းမြို့နယ်၊ တပင်ရွှေထီး ရပ်ကွက်နေ ဇာနည်ထွန်း(၂၃)နှစ် (ဘ) ဦးဝင်းမြင့်တွင် ဝဲမျက်လုံး၊ လက်ဖျံနှင့် ဝမ်းဗိုက်တို့တွင် မိုင်းစ ထိမှန်ပေါက်ပြဲဒဏ်ရာများရရှိထားပြီး ၎င်း၏ အနီးတွင် တိပ်အနီရောင်ဖြင့် ပတ်ထားသော ရေသန့်ဘူး အပိုင်းအစ ၁ ခုနှင့် သံတိုသံစများ ပြန့်ကျဲလျက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။
ဆက်လက်၍ ထိခိုက်ဒဏ်ရာရရှိသူ ဇာနည်ထွန်းအား ဆေးရုံသို့ ပို့ဆောင်ရန်ပြုလုပ်စဉ် ၎င်းထံမှ ၃.၇ ဗိုလ် ဓာတ်ခဲ ၂ လုံး၊ မီးခြစ် ၁ လုံး၊ ဖုန်းအားသွင်းကြိုး ၁ ခု၊ Bluetooth နားကြပ် ၁ ခု တို့အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် စစ်မေးခဲ့ရာ ခရီးသည်များ နားနေဆောင်တွင် အကြမ်းဖက် ဖောက်ခွဲမှုပြုလုပ်ရန် လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဇာနည်ထွန်းအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။