နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများ အတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ယင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ဖိတ်ခေါ် လျက်ရှိသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း နယ်မြေများအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိသည့် ဥပဒေဘောင် အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်း တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူ များ၊ ဌာနဆိုင်တာဝန်ရှိသူများ၊ ပြန်လည်အလင်းဝင်လာသည့် PDF အဖွဲ့ဝင်များ နှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို အသိပညာပေး ရှင်းလင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက် ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ နယ်၊ ငပုတောမြို့နယ်၊ လပွတ္တာမြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၄ ဦးအား တာဝန်ရှိသူများက ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေး အပ်ပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှု များ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲအပ် ပေးလျက် ရှိခြင်းများကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လို သူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ် စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံပေး သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေ များအား ထိုက်တန်စွာ ပေးအပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။