နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း   (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက် ဂါရဝပြု ရန်ကုန် ဇူလိုင် ၁၉

Wednesday, July 19, 2023 - 19:45

          ၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း   တက်ရောက်ဂါရဝပြု သည်။

          အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဒေါက်တာမှုထန်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်း၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာသက် ခိုင်ဝင်း၊ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊   ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အခမ်းအနားကျင်းပရေးလုပ်ငန်း ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ တာဝန်ရှိသူများ၊ အာဇာနည်ခေါင်းဆောင်ကြီး များ၏ မိသားစုဝင် များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် အဖွဲ့ဝင်များနှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြ သည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဒေါက်တာမှုထန်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့သည် တက်ရောက်လာကြသူများနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်း ဆောင်ကြီးများ၏ ဂူဗိမာန်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေ ကိုချ၍ အလေးပြုကြသည်။

          ယင်းအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တိုင်ဝက်သို့လျှော့ချလွှင့်ထူပြီး ဂုဏ်ပြုတပ်ဖွဲ့က သေနတ် မြှောက်၍လည်းကောင်း၊ စစ်ခရာအဖွဲ့က ကျဆုံးရဲဘော်အလေးပြုခရာမှုတ်၍ လည်းကောင်း အလေးပြုကြပြီး နှစ်မိနစ် ငြိမ်သက်၍ မေတ္တာပို့သ အမျှပေးဝေ ကြသည်။

          ယင်းနောက် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သားအကြီး ဖြစ်သူ ဦးအောင်ဆန်းဦးနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏မိသားစုဝင်များ၊ ကိုယ်စားလှယ်များက အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်ခွေချ ဂါရဝပြုကြပြီး မေတ္တာပို့သ အမျှပေးဝေကြသည်။

          ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံရုံးယာယီတာဝန်ခံများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင် ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြု ကြသည်။

          ထို့နောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံပန်းချီ/ပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင် နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့ အပါအဝင် လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ ပန်းခွေချ အလေးပြုကြသည်။

          ယင်းနောက် (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက် ဂါရဝပြုကြသည့် ရဟန်းရှင်လူများ၊ ကျောင်းသားကျောင်းသူများ၊ အများပြည်သူများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ တန်းစီ၍ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့အမှတ်ရသော အားဖြင့် ဂါရဝပြုကြသည်။

          ၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်း အမှတ်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို နိုင်ငံတစ်ဝန်းလုံး တိုင်ဝက်လွှင့်ထူခဲ့ကြပြီး အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ဥဩဆွဲအချက်ပေးခဲ့သည်။

ယနေ့တွင် အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အတွင်းဝန်ရုံး (ယခင် ဝန်ကြီးများရုံး)များသို့ အများပြည်သူများ ပိုမိုလာရောက်ဂါရဝပြု လေ့လာခဲ့ ကြကြောင်း သိရသည်။