​​​​​​​၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် နိုင်ငံတော်အလံတိုင်ဝက်လျော့ချလွှင့်ထူ၍ အလေးပြုခြင်းအခမ်းအနား အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၌ ကျင်းပ ရန်ကုန်၊ ဇူလိုင် ၁၉

Wednesday, July 19, 2023 - 19:45

          ရန်ကုန်မြို့ အတွင်းဝန်ရုံး (ယခင်ဝန် ကြီးများရုံး)၌ (၇၆)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် နိုင်ငံတော်အလံအား တိုင်ဝက်သို့ လျှော့ချလွှင့်ထူ၍ အလေးပြုခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်ဆောင်ကြီးများကျဆုံးခဲ့ရာ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၌ ကျင်းပသည်။

          အခမ်းအနားသို့ (၇၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဂုဏ်ပြုတပ်ဖွဲ့များ တက်ရောက်ကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများကို အလေးပြုကြကာ နိုင်ငံတော်အလံအား တိုင်ဝက်သို့ လျှော့ချလွင့်ထူ၍ နှစ်မိနစ် ငြိမ်သက် ၍ မေတ္တာပို့ အမျှပေးဝေကြသည်။

          ယနေ့တွင် အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့်  အစည်းအဝေးခန်းမနှင့် ပါလီမန် အဆောက်အအုံနေရာတို့ကို နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ အများပြည်သူ လာရောက်လေ့လာနိုင်ရန် ယနေ့ တစ်ရက်တာ အထူးဖွင့်လှစ်ပြသခဲ့သည်။ ကျန်နေ့များ တွင် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားရှိပြီး ယနေ့၌ အာဇာနည်ခေါင်း ဆောင်ကြီးများကျဆုံးခဲ့သည့် အစည်းအဝေးခန်းမ၊ အာဇာနည် ခေါင်းဆောင်များကျန်ရှိခဲ့သည့် ပစ္စည်း ၂၈ မျိုးပြခန်း၊ သက်တမ်းရာကျော် ရှိသည့် ပါလီမန်အဆောက်အအုံအတွင်း ခင်းကျင်းပြသမှုနှင့် အခြားလေ့လာစရာ သမိုင်းဝင် မှတ်တမ်းများကို အများပြည်သူ အထူးစည်ကားများပြားစွာ ဝင်ရောက်ကြည့်ရှု လေ့လာ ကြသည်။

          (၇၆) နှစ်မြောက် အာဇာနည်နေ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင် ကြီးများ ကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဥဩဆွဲအချက်ပေးစဉ် ယာဉ်နှင့်ပြည်သူများက ရပ်တန့်၍ ဦးညွှတ်အလေးပြုခဲ့ကြသည်။