မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းဘေးသင့်ပြည်သူများထံသို့ ထိုင်းနိုင်ငံမှ ပေးပို့သည့် အကူအညီပစ္စည်းများအား လွှဲပြောင်းလက်ခံ
ရန်ကုန် ၊ ဇူလိုင် ၊ ၁၈
ထိုင်းနိုင်ငံရှိ Siam Cement Group (SCG) ကုမ္ပဏီ ၊ ထိုင်းကြက်ခြေနီ အသင်းနှင့် ထိုင်းအယုဒ္ဓယဘဏ်တို့မှ မိုခါမုန်တိုင်းဒဏ်သင့်ဒေသရှိ ပြည်သူများ ထံသို့ ပေးပို့လှူဒါန်းသည့် ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းခြင်းကို ဗိုလ်တထောင်မြို့နယ်၊ မိသားစုရပ်ကွက်၊ ကမ်းနားကွန်ကရစ်လမ်း၊ ဗိုလ်အောင် ကျော် ဆိပ်ကမ်းတွင် ယနေ့နံနက်ပိုင်းကဆောင်ရွက်သည်။
ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump က ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းရခြင်းအကြောင်းကို ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ထိုင်းနိုင်ငံမှ ယခုလို လူသားချင်း စာနာထောက်ထားပြီး အိမ်နီးချင်းချစ်ကြည်ရင်းနှီးမှုဖြင့် မိသားစုစိတ်ဓါတ်ကို အခြေခံပြီး ယခုလို့ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ခြင်းအတွက်ကျေးဇူးတင်ရှိပါကြောင်းနှင့်နိုင်ငံတော်အစိုးရ၏ထိရောက်သောစီမံခန့်ခွဲမှု၊ ဝန်ကြီးဌာနများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ၏ စုပေါင်းစွမ်းအားများဖြင့် မုန်တိုင်းဒဏ်သင့်ဒေသများကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် လူမှုစီးပွားဘဝကိုပုံမှန်အခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရေးဆောင်ရွက်ပေးလျက်ရှိနေမှုများကိုပြောကြားသည်။
၎င်းနောက် ထိုင်းနိုင်ငံသံအမတ်ကြီးက ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ ဖြစ်သည့် သွပ် (၆၅၀)ချပ်၊ သွပ်သံ(၃)ဗူး၊ သံမျိုးစုံ(၁၂)ဗူး၊ ဆိုလာမီးဝပ်ခြောက်ဆယ် အလုံး(၂၀)အား တိုင်းဒေသကြီး ဝန်ကြီးချုပ်အားလည်းကောင်း၊ ထိုင်းကြက်ခြေနီ အသင်းနှင့် ထိုင်းအယုဒ္ဓယဘဏ်တို့မှ လှူဒါန်းပစ္စည်း များအား ထိုင်းကြက်ခြေနီ အသင်း တာဝန်ရှိသူများက မြန်မာနိုင်ငံကြက်ခြေနီအသင်း တာဝန်ရှိသူများ ထံလည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့ကြပြီး အဆိုပါလှူဒါန်းပစ္စည်းများအား ဗိုလ်အောင်ကျော် ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ထောက်ပံ့ပို့ဆောင်ရေး သင်္ဘော MCL -3 ဖြင့်မိုခါမုန်တိုင်း ဒဏ်သင့်ဒေသများရှိ ပြည်သူများထံသို့ ဆက်လက် ပေးပို့ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်းသိရသည်။