မြို့နယ်အချို့၌ပြည်သူလူထုမှလက်လုပ်သေနတ်များအားအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံလာရောက်အပ်နှံ
နေပြည်တော်၊ မေ - ၇
တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုများမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင်ရှိသောလက်လုပ်သေနတ်များအားအုပ်ချုပ်ရေး တာဝန်ရှိသူ များမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိကြောင်း သိရှိရသည်။
ထို့သို့အပ်နှံရာတွင် မေလ ၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့ရှိ ရပ်ကွက်များရှိ ပြည်သူလူထုမှ လက်လုပ်သေနတ် ၂ လက်နှင့် ဒူလေး ၂ လက်တို့အား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ ကနန်းလိပ်စောကျေးရွာအုပ်စုမှ တူမီးသေနတ် ၃၅ လက်နှင့် လက်လုပ်သေနတ် ၁၃ လက် အားလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ စကားတောင်ကျေးရွာမှ လက်လုပ်သေနတ် ၃ လက်အားလည်းကောင်း၊ ပေါက်မြို့နယ်၊ ပင်တောင်ကျေးရွာမှ လက်လုပ်သေနတ် ၁ လက်အားလည်းကောင်း၊ ဒီးဒုတ်ကွင်းကျေးရွာမှ လက်လုပ် သေနတ် ၇ လက်နှင့် သံဘောစေ့ ၁၂၅ လုံး တို့အားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာ မြို့နယ်၊ ဂန့်အိတ်ကျေးရွာမှ လက်လုပ်လေသေနတ် ၁ လက်၊ ဒူးလေး ၁ လက်တို့အားလည်းကောင်း အုပ်ချုပ်ရေး တာဝန်ရှိသူများ မှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အသီးသီး လာရောက် အပ်နှံခဲ့ သည်။
ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော တူမီးသေနတ်၊ လက်လုပ်သေနတ်များနှင့် ဒူးလေးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပြီး စနစ်တကျ သိမ်းဆည်းထားရှိကြောင်း သတင်းရရှိသည်။