ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၃ ဇူလိုင် - ၁

Thursday, July 13, 2023 - 15:45

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသ အလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ အလယ်ပိုင်းရပ်ကွက်ရှိ နာရီစင်ကွင်း၌ ဒေသခံပြည်သူများအား ဝက်သား၊ ကြက်သား၊ ဘဲသားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဖြင့် ရောင်ချပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။

အလားတူ ဘူးသီးတောင်မြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဦးဥတ္တမခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စု ၁၉ စုတို့ရှိ လေဘေးသင့်ဒေသခံပြည်သူများ အား ဒုတိယအကြိမ် စားသောက်ကုန်ပစ္စည်းများနှင့် ပြန်လည်ထူထောင်ရေးပစ္စည်း များအား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ပြီး တပ်မတော်ဆေးရုံ ကုတင်(၅၀)၌ တက်ရောက်ဆေးကုသမှုခံယူနေသော လူနာများအား အာဟာရဖြည့်စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးကာ ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင် ဘူးသီးတောင်တပ်နယ်ရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအား ဂုဏ်ပြုနေ့လယ်စာ စားပွဲသို့တက်ရောက်ခဲ့ပြီး အားပေးစကားပြောကြားသည်။ ထို့နောက် ၆၆ KV ဓာတ်အားရုံ၌ ဓာတ်အားလိုင်း လက်ခံရရှိမှုနှင့် လျှပ်စစ်မီးများ ဆက်လက်ဖြန့်ဖြူးပေးရေးအတွက် ဆောင်ရွက်နေ မှုများအား သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ရောက်ရှိနေသော ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးချုပ် အောင်ကျော်မိုး သည် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ရွာသစ်ကေကျေးရွာနှင့် ကံ့ကော်ကျွန်းကျေးရွာများရှိ စပါးစိုက်တောင်သူ များ၏ လယ်ယာများတွင်  GW-11 မျိုးစပါးများ ပျိုးထောင်စိုက်ပျိုးနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး အမြင့်ကျွန်းကျေးရွာနှင့် ချီလည်ပင်ကျေးရွာများရှိ ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်သည်။

ထို့အတူ ကျောက်တော်မြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်သူဦး သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကစ္ဆပနဒီခန်းမ၌ ဌာနဆိုင်ရာများအား ဆန်၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ ငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

အလားတူ မာန်အောင်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်ဦး သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်စု(၅)အုပ်စုမှ တောင်သူများ အား မျိုးစေ့ အမယ်ပေါင်း ၂၈ မျိုး၊ စုစုပေါင်း မျိုးစေ့ထုပ် ၁၇၅၈ ထုပ်အား ထောက်ပံ့ ပေးအပ်သည်။

ထို့အတူ မောင်တောမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လေဘေးသင့်ကျေးရွာ ၅ ရွာအား ပြန်လည် ထူထောင်ရေးလုပ်ငန်းသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ပြီး သရေကုန်းဘောင် ကျေးရွာရှိ တောင်သူများ၏ ပေါ်ဆန်းရင်မျိုးစပါး ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင် ထွန်ယက်နေမှုများအား သွားရောက်ကြည့်ရှုသည်။ ထို့ပြင် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံ၌ ဓာတ်အားလိုင်း လက်ခံရရှိမှုနှင့် လျှပ်စစ်မီး များ ဆက်လက်ဖြန့်ဖြူးပေးရေးအတွက် ဆောင်ရွက်နေမှုများအား သွားရောက် ကြည့်ရှုခဲ့ပြီး ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။